အောင်လံမြို့၌ ဝါသီးနှံ မျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးလက်တွေ့သင်တန်းဖွင့်

အောင်လံ နိုဝင်ဘာ ၁၆

 

ဝါသီးနှံမျိုးကောင်းမျိုးသန့် မျိုးစေ့စိုက်ပျိုးထုတ်လုပ်နည်း ပညာပေးလက်တွေ့သင်တန်းကို နိုဝင်ဘာ ၁၅ ရက်က မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့ ဝါသီးနှံမျိုးသန့်ခြံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်က ဝါသီးနှံသည် ဝင်ငွေကောင်းသည့် သီးနှံဖြစ်သည့်အပြင် စား၊ ဝတ်၊ နေ၊ ရေးတွင် အဓိကအရေးပါသည့် ဝတ်ရေးအတွက် မရှိမဖြစ်လိုအပ်သော သီးနှံတစ်မျိုးဖြစ်ကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့် သုံးစွဲမှသာ တစ်ဧကထွက်နှုန်းမြင့်မားပြီး မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းသည် အဓိကလုပ်ဆောင်သင့်သော အချက်ဖြစ်ကြောင်း၊ ဝါသီးနှံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို နိုင်ငံတော်မှ ချမှတ်ဆောင်ရွက်လျက်ရှိသည် နှင့်အညီ တောင်သူများ တစ်ဧကအထွက်နှုန်းတိုးပြီး ဝင်ငွေကောင်းရရှိရေး ဆောင်ရွက်ပေးရန် တာဝန်ရှိကြောင်းနှင့် ယခုသင်တန်းကို ရက်တိုတိုနှင့် ပို့ချရသည့်အတွက် သင်တန်းသူ သင်တန်းသား များအနေဖြင့် စာတွေ့လက်တွေ့ သင်ကြားပို့ချချက်များအပေါ် အလေးထားသင်ယူစေလိုကြောင်း ပြောကြားခဲ့သည်။

 

သင်တန်းသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်မှ သင်တန်းသား သင်တန်းသူ ၁၄ ဦး တက်ရောက်သင်ကြားပြီး သင်တန်းကာလ ၂ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)