အောင်လံမြို့ နယ်မှ နှမ်းများ ဈေးကွက်အခြေအနေကောင်းနေ

အောင်လံ ၁၀  စက်တင်ဘာ

မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်တွင် ယခုနှစ် မိုးနှမ်းစိုက်ဧက ၅၉၈၁၅ ဧက ရှိသည့်အနက် ကျေးရွာ ၂၆ ရွာ၌ မိုးနှမ်း ၄၈၅၅ ဒသမ ၈၈ ဧကကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးခဲ့ကြရာ မိုးနှမ်း(စမုံနက်)စိုက်ခင်းများမှ ပျမ်းမျှ တစ်ဧကလျှင် ၁၂ တင်းနှုန်း ထွက်ရှိကြောင်းနှင့် အဆိုပါ ဒေသထွက်နှမ်းများကို ဂျပန်နင့် တရုတ်နိုင်ငံများမှ အဝယ်လိုက်လာသဖြင့် သာမန်နှမ်းများထက် တစ်အိတ် (၄၅ ပိဿာ)လျှင် ကျပ်တစ်သောင်းခန့် ပိုရပြီး တောင်သူများအနေဖြင့် များစွာအဆင်ပြေလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုးနှမ်းကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ရန်အတွက် မြေပြင်ချိန်မှစတင်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ဂျပန်စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်း၍ ကွင်းဆင်းတိုင်းတာခြင်း၊ သုတေသနပြုခြင်းနှင့် တောင်သူပညာပေးခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့သဖြင့် ယခုလို သီးနှံများ အောင်မြင်ဖြစ်ထွန်းလာခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အောင်လံမြို့နယ်ထွက် နှမ်းနက်ကို ဂျပန်နှင့်တရုတ်နိုင်ငံမှ ဝယ်လက်များက ဝယ်ယူသည့်အခါ အက်ဆစ်ဓာတ်ပါဝင်မှုကို AV Chacker ဖြင့် တိုင်းတာပြီး အက်ဆစ်ဓာတ်ပါဝင်မှု ၂ ဒသမ ၅ FFA အထိ လက်ခံဝယ်ယူလျက် ရှိကြောင်းနှင့် ပုံမှန်စိုက်ပျိုးသော နှမ်းနက်သည် တစ်အိတ်လျှင် ငွေကျပ် ၂၆၀ဝ၀ဝ ကျော်သာ ဈေးရသော်လည်း စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများစနစ်ဖြင့် နှမ်းနက်မှာ တစ်အိတ်လျှင် ငွေကျပ် ၂၇၂၀ဝ၀ အထိ ဈေးရရှိနေကြောင်း အောင်လံမြို့နယ် ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

သိန်းလွင် (အောင်လံ)