အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်

၂၆  သြဂုတ်


ONE မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကို အောက်တိုဘာ ၁၃ ရက်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည်ဖြစ်သည်။


အောင်လအန်ဆန်သည် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲအဖြစ် ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒါဗီရာနှင့် ထိုးသတ်မည်ဖြစ်ပြီး ချန်ပီယံဆုရအပြီး နှစ်နှစ်နီးပါးအကြာမှ ပထမဆုံးကာကွယ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ ဘရန်ဒန်ဗီရာသည် ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချကာ ယှဉ်ပြိုင်ထိုးသတ်ခြင်းဖြစ်သလို အောင်လအန်ဆန်မှာလည်း ယခုပွဲအတွက် ကိုယ်အလေးချိန်မြင့်ကာ ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။


အောက်တိုဘာ ၁၃ ရက်တွင် ကျင်းပမည့်ပြိုင်ပွဲ၌ အောင်လအန်ဆန်နှင့် ဘရန်ဒန်ဗီရာတို့၏ လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲကို Main-Event အဖြစ် ကျင်းပမည်ဖြစ်ပြီး Co-Main Event အဖြစ် ဘင်တန်းဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဘီဘီယာနို (ဘရာဇီး) နှင့်ဘီ လင်ဂွန် (ဖိလစ်ပိုင်) တို့ ထိုးသတ်မည်ဖြစ်သလို ဖလိုင်းဝိတ်တန်း မွေထိုင်းကမ္ဘာ့ချန်ပီယံစိန်ခေါ်ပွဲအဖြစ် ရိုထောင် (ထိုင်း) နှင့် ဝေါ်လ်တာ (ဘရာဇီး) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ONE Championship သည် ယင်းပြိုင်ပွဲကို Part-1 နှင့် Part-2 ခွဲ၍ ကျင်းပမည်ဖြစ်ပြီး Part-1 တွင် ဖိုးသော်နှင့် တောင်ကိုရီးယားကစားသမား ယွန်ချန်မင်တို့ ထိုးသတ်မည့်ပွဲ ပါဝင်ကာ အောင်လအန်ဆန် ပွဲကိုမူ Part-2 ၌ ကျင်းပမည်ဖြစ်သည်။


အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲထိုးသတ်ထားပြီး ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲအဖြစ် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲထိုးသတ်ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မတ်လက ဂျပန်နိုင်ငံ၌ နောက်ဆုံးထိုးသတ်ထားပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အလဲထိုး အနိုင်ရခဲ့သည်။


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-ဖိုးသော်ဇင်
 

 

 DSC_75