အစ္စရေးဝန်ကြီးချုပ်သစ်ကို  ဂျိုးဘိုင်ဒင် ဂုဏ်ပြုစကား ပြောကြား

ဇွန် ၁၄

 

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ်သစ် နပ်တယ်လီ ဘင်နတ်ကို ယမန်နေ့က ဖုန်းဆက်သွယ်ပြီး  ဂုဏ်ပြုစကားပြောကြားခဲ့သည်။

 

ဘင်နတ်နှင့်ဖုန်းပြောဆိုရာတွင် အစ္စရေးနိုင်ငံ၏လုံခြုံရေးကို ခိုင်မာစွာကတိကဝတ်ပြုခဲ့ပြီး နှစ်ပေါင်းများစွာကြာမြင့်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးကိုမီးမောင်းထိုးပြသည်ဟု  အိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နှစ်နိုင်ငံခေါင်းဆောင်များသည် အီရန်နိုင်ငံအပါအဝင် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ နီးကပ်စွာ ဆွေးနွေးရန် သဘောတူညီခဲ့ကြသည်။

 

အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံတို့၏ ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေးတို့ တိုးမြှင့်လုပ်ဆောင်ရန် အစ္စရေးအစိုးရနှင့် အနီးကပ်ပူးပေါင်းလုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း ဘိုင်ဒင်က ထပ်လောင်းပြောကြားခဲ့သည်။

 

United Right ပါတီခေါင်းဆောင် ဘင်နတ်သည် အစ္စရေးဝန်ကြီးချုပ်သစ်အဖြစ် ယမန်နေ့ညပိုင်းက ကျမ်းသစ္စာကျိန်ဆိုခဲ့သည်။

 

အစ္စရေးနိုင်ငံကို ၁၂ နှစ်ကြာ ဦးဆောင်လာခဲ့သော ဘန်ဂျမင် နေတန်ယာဟုသည် အတိုက်အခံအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို