ဝါရှင်တန် အောက်တိုဘာ ၇
အချက် ၂၀ ပါ ဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကို အခြေခံ၍ အစ္စရေးနှင့် ဟားမားစ်တို့သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်တစ်ခု မကြာမီရရှိနိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။
မိမိတို့တွင် သဘောတူညီချက်တစ်ခုပြုလုပ်ရန် ကောင်းမွန်သည့်အခွင့်အလမ်းတစ်ခုရှိပြီး ၎င်းသည် ရေရှည်ခိုင်မြဲသည့် သဘောတူညီချက်တစ်ခုဖြစ်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ထရမ့်က အောက်တိုဘာ ၆ ရက်တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။ ဟားမားစ်က ကျေနပ်စွာတုံ့ပြန်ခဲ့ပြီး ယင်းပုံစံအတိုင်း ဆက်လက်တည်ရှိနေဦးမည်ဟုလည်း ၎င်းက ပြောကြားသည်။
အစ္စရေးနှင့် ဟားမားစ်တို့သည် အီဂျစ်တွင် အောက်တိုဘာ ၆ ရက်က သွယ်ဝိုက်ဆွေးနွေးမှုများ စတင်ခဲ့သည်။ အီဂျစ်သည် အစ္စရေးနှင့် ဟားမားစ်တို့ကြား စေ့စပ်ညှိနှိုင်းသူအဖြစ်ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးပွဲတွင် ဓားစာခံများလွှတ်ပေးရေး၊ အစ္စရေးတပ်ဖွဲ့ တချို့တဝက် ဆုတ်ခွာပေးရေးနှင့် ပတ်သက်သည့်အကြောင်းအရာများ ဆွေးနွေးမည်ဟု ယုံကြည်ရသည်။
ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်နေသော်လည်း လွန်ခဲ့သော ၂၄ နာရီအတွင်း အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် လူ ၂၁ ဦးသေဆုံးခဲ့သည်ဟု ဂါဇာကျန်းမာ ရေးအရာရှိများက စက်တင်ဘာ ၆ ရက်တွင် ပြောကြားလိုက်သည်။
ဟားမားစ်က အစ္စရေးကို အကြီးအကျယ်စီးနင်း တိုက်ခိုက်ခဲ့ရာ လူ ၁၂၀၀ ခန့်သေဆုံးပြီး တခြား ၂၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်မှာ အောက်တိုဘာ ၇ ရက်ဆိုလျှင် နှစ်နှစ်ပြည့်ပြီ ဖြစ်သည်။ ဟားမားစ်တို့သည် ဓားစာခံ ၄၈ ဦးကို မလွှတ်ပေးသေးကြောင်း သိရသည်။
အစ္စရေးသည် ဂါဇာ၌ စစ်ဆင်ရေးများဆောင်ရွက်ခြင်းကြောင့် လူဦးရေ ၆၇၀၀၀ ကျော် သေဆုံးခဲ့သည်။ ထို့ပြင် အာဟာရချို့တဲ့မှုနှင့် အခြားအချက်များကြောင့် လူပေါင်း ၄၆၀ သေဆုံးခဲ့ကြောင်း သိရသည်။ ယခုအချိန်တွင် ဂါဇာကမ်းမြောင်ဒေသသည် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
အင်န်အိတ်ချ်ကေ


