အစ္စရေးနိုင်ငံတောင်ပိုင်း မွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်မှုဖြစ်ပွား

ဒီဇင်ဘာ ၇

 

အစ္စရေးနိုင်ငံတောင်ပိုင်းရှိ ကြက်ဆင်မွေးမြူရေးခြံတစ်ခြံတွင် H5N1 ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်မှုဖြစ်ပွားနေသည်ဟု လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ယမန်နေ့က ထုတ်ပြန်ချက်တစ်ခုတွင် ဖော်ပြထားသည်။

 

အဆိုပါမွေးမြူရေးခြံအတွင်းရှိကြက်ဆင်များ ပုံမှန်မဟုတ်သည်ကို ထိုခြံပိုင်ရှင်က အကြောင်းကြားခဲ့ပြီးနောက် အာဗစ်ဒါကျေးရွာရှိ ယင်းမွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါကူးစက်သည်ကို တွေ့ရှိခဲ့ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားသည်။

 

H5N1 ကြက်ငှက်တုပ်ကွေးရောဂါသည် ကြောင်များ၊ ကျားများ၊ ဝက်များ၊ အခြားသောတိရစ္ဆာန်များနှင့် လူသားများတွင်လည်း ရှားပါးသောအခြေအနေများတွင် ကူးစက်နိုင်သည်။ 

 

လူသားများတွင်ကြက်ငှက်တုပ်ကွေး ရောဂါကူးစက်ဖြစ်ပွားပါက ပထမဆုံးလက္ခဏာများမှာ ပြင်းထန်သော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်နာမကျန်းဖြစ်ခြင်းတို့ ဖြစ်လေ့ရှိသည်။

 

အစ္စရေးနိုင်ငံတွင် ၂၀၀၆ ခုနှစ်က ကြက်ငှက်တုပ်ကွေးရောဂါအကြီးအကျယ်စံချိန်တင်ကူးစက်မှုဖြစ်ပွားခဲ့သည်။

 

ထိုကူးစက်ဖြစ်ပွားမှုတွင် တောင်ပိုင်းရှိကြက်ဆင်မွေးမြူရေးခြံကိုးခုပါဝင်သည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို