အစ္စရေးနိုင်ငံ၌ အသက် ၁၂ မှ ၁၅ နှစ်အရွယ် ကလေးများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမည်

ဇွန် ၃

 

အစ္စရေးနိုင်ငံတွင် အသက် ၁၂ မှ ၁၅ နှစ်အရွယ် ကလေးများကို လာမည့်သီတင်းပတ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေးမည် ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့ကထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က စတင်လုပ်ဆောင်ခဲ့ရာတွင် နာတာရှည်ရောဂါရှိသူများ၊ အသက် ၆၅ နှစ်အထက်အရွယ်များနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများကို ပထမဦးစားပေး ထိုးနှံခဲ့သည်။

 

ထို့နောက်တွင် အသက်အရွယ်များကို ဖြည်းဖြည်းချင်းလျှော့ချပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ လက်ရှိအခြေအနေတွင် အသက် ၁၆ နှစ်နှင့်အထက် အရွယ်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

 

Pfizer ကိုဗစ်-၁၉ ကာကွယ်ဆေးသည် ထိရောက်မှုရှိပြီး စိတ်ချရကြောင်းနှင့် အသက် ၁၆ မှ ၁၉ နှစ် အရွယ်များကို စောင့်ကြည့်လေ့လာခဲ့ပြီးနောက် နှလုံးကြွက်သားများရောင်ရမ်းမှု အရေအတွက်နည်းပါးသည်ကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

 

အစ္စရေးနိုင်ငံရှိ လူဦးရေ၏ ၅၈ ဒသမ ၄ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၅ ဒသမ ၄၅ သန်းကျော်ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီး ဖြစ်သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို