အဲဗာတန်အသင်းနဲ့ လမ်းခွဲပြီး ရီးယဲလ်မက်ဒရစ်နဲ့ ဒုတိယအကြိမ် ပြန်လည်လက်တွဲခဲ့တဲ့ အန်စလော့တီ

နည်းပြ အန်စလော့တီဟာ ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် စပိန်လာလီဂါ ကလပ်ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ ဒုတိယအကြိမ် ပြန်လည်လက်တွဲခဲ့တယ်လို့ သိရပါတယ်။

တာဝန်ယူကိုင်တွယ်ခဲ့

၂၀၁၃ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ ရီးယဲလ်မက်ဒရစ်အသင်းနည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တဲ့ အသက် ၆၁ နှစ်အရွယ်ရှိ နည်းပြအန်စလော့တီဟာ အဲဗာတန်အသင်း နည်းပြအဖြစ် ၁၈ လကြာ တာဝန် ယူခဲ့ပြီး အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ နည်းပြအန်စလော့တီဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့အတူ သုံးနှစ်သက်တမ်းရှိ စာချုပ် တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဟာ မျှော်လင့်မထားတဲ့ အခွင့်အလမ်းတစ်ရပ်ကို  ပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့လည်း နည်းပြ အန်စလော့တီက ပြောကြား ခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ်အသင်းဟာ နည်းပြ ဇီဒန်းလက်ထက်မှာ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်အထိ ရယူ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပေ မယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာတော့ ဖလားလက်မဲ့ဖြစ်ခဲ့ရတဲ့အပြင် စပိန်လာလီဂါ ပြိုင်ပွဲမှာလည်း မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ နောက်မှာ အမှတ်ပေးဇယား ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ နည်းပြဇီဒန်းဟာလည်း အခုနှစ် ဘောလုံးရာသီကုန်မှာ ရီးယဲလ်မက်ဒရစ် အသင်းနည်းပြအဖြစ်ကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

နည်းပြအန်စလော့တီဟာ အဲဗာတန်အသင်းနဲ့ လမ်းခွဲခဲ့ပြီဖြစ်တာကြောင့် အဲဗာတန်အသင်းအတွက် တော့ ငါးနှစ်တာ ကာလအတွင်းမှာ ခြောက်ဦးမြောက်နည်းပြကို ခေါ်ယူရတော့မှာဖြစ်ပြီး ငါးနှစ်တာ ကာလအတွင်း ရောဘတ်တိုမာတီနက်ဇ်၊ ရိုနယ်လ်ကိုးမန်း၊ ဆမ်အလာဒိုက်၊ မာကို့စ်ဆေးလ်ဗား၊ အန်စလော့တီ စတဲ့နည်းပြငါးဦးဟာ အဲဗာတန်အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ နည်းပြ အန်စလော့တီဟာ အခုနှစ်ဘောလုံးရာသီမှာ အဲဗာတန်အသင်းကို ပရီမီယာလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်အောင် စွမ်းဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်