အာရှဖွံ့ဖြိုးရေး ဘဏ်(ADB)၏ ချေးငွေဖြင့် စိုက်ပျိုးစီးပွားရေးဆိုင်ရာ တန်ဖိုးကွင်းဆက်ကို ၇ နှစ်စီမံကိန်းဖြင့် ဆောင်ရွက်မည်

မန္တလေး  ၃၀  ဇွန် 

 

တိုင်းဒေသကြီးသုံးခုရှိ မြို့နယ် ၁၄ မြို့နယ်တို့တွင် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ  ၅ သန်းဖြင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက်(CFAVC)စီမံကိန်းကို ၇ နှစ်စီမံ ကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် စီမံကိန်းဒါရိုတ်တာ ဦးအေးကိုကိုက ပြောကြားသည်။

 

 အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏ ချေးငွေ အမေရိကန်ဒေါ်လာ ၄၀ ဒသမ ၅ သန်းနှင့် Global Agriculture and Food Security Program (GAFSP) ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၂၇ သန်းဖြင့် တိုင်းဒေသကြီးသုံးခုရှိ မြို့နယ် ၁၄ မြို့ နယ်တို့တွင်ရှိသော မျိုးစေ့ထုတ်ခြံ ၁၀ ခြံတို့ တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ 
ယင်းတို့မှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် တောင်သူများနှင့် စားသုံးသူပြည်သူများ အတွက် ရာသီဥတုနှင့် လိုက်လျောညီထွေဖြစ်စေမည့် စိုက်ပျိုးစီးပွားရေးလုပ်ငန်းဆိုင်ရာ တန်ဖိုးကွင်းဆက် (၇)နှစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

" ခုဒီစီမံကိန်းကြီးဟာ အကြီးကြီးဖြစ်ပါတယ်။ ဌာနပေါင်းစုံတွေ၊ ပုဂ္ဂလိကကဏ္ဍတွေရော၊ စိုက်ပျိုးရေးတောင်သူတွေရော၊ ရောင်းဝယ်ဖောက်ကားသူတွေရော အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးဖို့ လိုပါတယ်။ အစိုးရကနေပြီးတော့ အာရှဖွံ့ဖြိုးရေးဘဏ်ချေးငွေယူ ပြီးဆောင်ရွက်ပေးတာပါ။ ချေးငွေပြန်ဆပ်တဲ့ကာလကတော့ ၃၂ နှစ် ပြန်လည်ပေးဆပ်ပေးရမှာပါ။ ခုလုပ်တဲ့ စီမံကိန်းရည်ရွယ်ချက်ကတော့ စိုက်ပျိုးစီးပွားရေးကွင်းဆက် အောက်မှာရှိတဲ့ တိုင်းဒေသကြီး သုံးခုရဲ့ မြို့နယ် ၁၄ မြို့မှာ စပါးသီးနှံ၊ ပဲမျိုးစုံသီးနှံနဲ့ ဆီထွက်သီးနှံတွေရဲ့ အရည်အသွေးမြင့်မားတဲ့ ထုတ်ကုန်တွေတိုးတက်ထုတ်လုပ် နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေ၊ စိုက်ပျိုးရေးတောင်သူတွေ ဝင်ငွေတိုးပွားရရှိပြီးတော့ စားသုံးသူပြည်သူတွေအနေနဲ့ အစားအစာတွေ လုံခြုံစိတ်ချရဖို့ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းတွေကိုပါ အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်။ ဒါ့ပြင် သွင်းအားစုပစ္စည်းတွေ ဝယ်တာရောင်းတာတွေနဲ့ပတ်သက်လို့ တောင်သူတွေဟာ ကတ်တွေကိုင်ဆောင်ပြီးတော့ လုပ်နိုင်ဖို့ရည်ရွယ်ပါတယ်။ တောင်သူတွေအတွက်အကျိုးရှိမယ့် ၇ နှစ်တာကာလ စီမံကိန်းကို နိုင်ငံတော်အစိုးရနဲ့ ADB ရဲ့ချေးငွေအထောက်အပံ့ အကူညီယူပြီးတော့ လုပ်ဆောင်ပေးနေတာ ပါ" ဟု ၎င်းက ပြောသည်။

 

 အဆိုပါ စီမံကိန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ စုစုပေါင်း ၇ နှစ်စီမံကိန်းကာလဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးတွင် ပျော်ဘွယ်မြို့ နယ်၊ မလှိုင်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ် စသည့်လေးမြို့နယ်ဖြစ်ပြီး၊ မျိုးစေ့ထုတ်ခြံများအဖြင့် မန္တလေးဗဟိုခြံ၊ မလှိုင်ခြံနှင့် ကြက်မောက်တောင်ခြံစသည့် ခြံများနှင့် မြို့နယ်များတို့ရှိ စပါးသီးနှံ၊ ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံတို့၏ အရည်အသွေးမြင့်မားပြီး ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးတွင် မုံရွာ၊ စလင်းကြီး၊ ယင်းမာပင်၊ ရွှေဘို၊ စစ်ကိုင်း၊ စသည့်မြို့နယ်ငါးမြို့နယ်နှင့် ခြံများမှာ ဝက်တိုးခြံ ၁ ၊ ဝက်တိုးခြံ ၂ ၊ ဂွေးကုန်း၊ ချီပါခြံ၊ ကန့်ဘလူခြံနှင့် မြေမွန်ခြံတို့ဖြစ်ပြီး၊ မကွေးတိုင်းဒေသကြီးတွင် မကွေး၊ ပွင့်ဖြူ၊ နတ်မောက်၊ အောင်လံနှင့် ပခုက္ကူ စသည့်မြို့နယ် ငါးမြို့နယ်နှင့် မျိုးစေ့ထုတ်ခြံမှာ ပွင့်ဖြူခြံတို့၌  အဆိုပါ စီမံကိန်းကြီးကို ၇ နှစ်ကာလဖြင့် တစ်ပြေးညီ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

 

မင်းထက်အောင် (မန်းကိုယ်ပွား)