အာရှဖလား ယူ-၂၀ ခြေစစ်ပွဲတွင် ဥဇဘက်ကစ္စတန်ကို မြန်မာအသင်း အရေးနိမ့်

၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ အုပ်စု (က) ဒုတိယနေ့ကို စက်တင်ဘာ ၁၂ ရက် ညပိုင်းက ဆော်ဒီအာရေဗျနိုင်ငံ၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

 

ယခုပွဲရလဒ်မှာ ခြေစစ်ပွဲအောင်မြင်ရေး သက်ရောက်မှုမရှိသော်လည်း မြန်မာအသင်းအနေဖြင့် အကောင်းဆုံးကြိုးစားခဲ့သည်။ သို့သော် အသင်းနှစ်သင်းကြား ကွာခြားမှု၊ ခံစစ်ပိုင်းအားနည်းမှုများကြောင့် မြန်မာအသင်း အရေးနိမ့်ခဲ့ရခြင်းဖြစ်သည် ဥဇဘက်ကစ္စတန်အသင်းသည် နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်ေသာကြောင့် ယခုခြေစစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသော်လည်း ယင်းအသင်းနှင့် တွေ့ဆုံသည့်ရလဒ်များကို ထည့်သွင်းတွက်ချက်မဟုတ်ရာ မြန်မာအသင်းအနေဖြင့် နှစ်ပွဲဆက်အရေးနိမ့်ခဲ့သော်လည်း ယခုပွဲရလဒ်မှာ ခြေစစ်ပွဲအောင်မြင်ရေး တွက်ချက်ရာတွင် သက်ရောက်မှုရှိမည်မဟုတ်ပေ။

 

မြန်မာအသင်းနည်းပြချုပ် ဦးစိုးမြတ်မင်းသည် ပွဲထွက်လူစာရင်း၌ ဟိန်းထက်စိုး (ဂိုး)၊ လတ်ဝေဘုန်း၊ လန်းဆန်းအောင်၊ ကောင်းထက်ပိုင်၊ ဇော်ဝင်းသိန်း၊ ထွန်းထွန်းသိန်း၊ သာယာဝင်းထက်၊ ရဲရင့်ဖြိုး၊ သန်းတိုးအောင်၊ စွမ်းထက်၊ သိန်းဇော်သီဟတို့ကို အသုံးပြုခဲ့သည်။   ဥဇဘက်ကစ္စတန်အသင်းအတွက် အနိုင်ဂိုးများကို ကိုးမိနစ်တွင် ဖော်မင်၊ ၂၅ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် ရာမာတူလာယော့ဗ်၊ ၉၀+၂ မိနစ်တွင် ဂျိုဘိုရာယော့ဗ်တို့က သွင်းယူခဲ့သည်။ မြန်မာအသင်းအနေဖြင့် ယခုပွဲတွင်လည်း ပယ်နယ်တီပေးခဲ့ရပြီး နှစ်ပွဲဆက် ပယ်နယ်တီပေးနေရသဖြင့် ခံစစ်ကစားသမားများ၏ ဖျက်ထုတ်မှုနှင့် ပါးနပ်မှုအပိုင်းတွင် အားနည်းချက်များရှိနေသေးသည်။

 

အုပ်စု (က) အခြားပွဲတွင် အိမ်ရှင်ဆော်ဒီအာရေဗျအသင်းက မော်လ်ဒိုက်အသင်းကို ၁၁ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် အုပ်စုတတိယပွဲအဖြစ် မြန်မာစံတော်ချိန် စက်တင်ဘာ ၁၇ ရက် နံနက် ၁ နာရီတွင် အိမ်ရှင်ဆော်ဒီအာရေဗျအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ရဲရင့်လွင်

ဓာတ္ပံု-MFF