နေပြည်တော် မတ် ၂၃
မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ် လက်ရွေးစင်အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အတွက် လေ့ကျင့်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။
မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ် လက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲ အောင်မြင်ပြီးကတည်းက လေ့ကျင့်မှု ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်ပြီး ကစား သမားများ အတွေ့အကြုံရစေရန် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲတွင် Young Lionesses အသင်းအမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသူ ကူမီကိုတာရှီယိုက ကိုင်တွယ်နေပြီး ယခုနှစ်အတွင်း ပထမဆုံးနိုင်ငံတကာခြေစမ်းပွဲအဖြစ် မတ် ၁၂၊ ၁၄ ရက်က အာရှဖလားခြေစစ်ပွဲအောင်မြင်ထားသော အိန္ဒိယ ယူ-၁၇ အမျိုးသမီးအသင်းနှင့် ရန်ကုန်မြို့တွင် ခြေစမ်းပွဲနှစ်ပွဲကစားရာ နှစ်ပွဲစလုံးရှုံးနိမ့်ခဲ့သည်။ မြန်မာအသင်းသည် ယင်းခြေစမ်းပွဲတွင် ခြေစွမ်းပိုင်း လိုအပ် ချက်များရှိခဲ့သဖြင့် အာရှဖလားပြိုင်ပွဲမတိုင်မီ အချိန်မီပြင်ဆင်နိုင်ရန် လိုအပ်နေသည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် နောက်ဆုံးပြင်ဆင်မှုအဖြစ် အာရှဖလားပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံသို့ ကြိုတင်သွားရောက်မည်ဖြစ်ပြီး ခြေစမ်းပွဲကစားရန် စီစဉ်နေသည်။
၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်ကို မေ ၁ ရက်မှ ၁၇ ရက်အထိ တရုတ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(A)တွင် အိမ်ရှင် တရုတ်၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် ကျရောက်နေသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - စိုးညွန့်သော်


