အာရှဖလား အမျိုးသမီးပြိုင်ပွဲအကြို ပွဲကြိုသတင်းစာရှင်းလင်းပွဲကျင်းပ

ဇန်နဝါရီ  ၂၀

၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ အုပ်စု (ဂ) ပွဲစဉ်ဖြစ်သည့် မြန်မာအသင်းနှင့် ဂျပန်အသင်း ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီ ၂၀ ရက်က ပြုလုပ်သည်။

အုပ်စု (ဂ) ပထမနေ့ကို ဇန်နဝါရီ ၂၁ ရက် (ယနေ့) ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအသင်းနှင့် လက်ရှိချန်ပီယံ ဂျပန်အသင်း၊ မြန်မာစံတော်ချိန် ည ၈ နာရီခွဲတွင် တောင်ကိုရီးယားအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာအသင်းနည်းပြချုပ် ဦးတင်မြင့်အောင်က "မြန်မာအသင်းအနေနဲ့ ခြေစစ်ပွဲအောင်မြင်ပြီးကတည်းက ဒီပြိုင်ပွဲအတွက် စတင်ပြင်ဆင်လေ့ကျင့်ခဲ့ပါတယ်။ လုံလောက်တဲ့ အချိန်အတိုင်းအတာတစ်ခုရရှိခဲ့ေပမယ့် ကိုဗစ် အခြေအနေကြောင့် ပြင်ဆင်ထားတဲ့ နိုင်ငံတကာခြေစမ်းပွဲတွေ မကန်ခဲ့ရပါဘူး။ ဒီချိန်က ပုံမှန်အချိန်တွေလိုမျိုးမဟုတ်ဘဲ ခက်ခဲတဲ့အခြေအနေမှာ အကောင်းဆုံး လေ့ကျင့်ကစားပေးတဲ့ ကစားသမားတွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ အကောင်းဆုံးလုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဂျပန်အသင်းက အမျိုးသမီးဘောလုံးမှာ အင်အားကြီးတဲ့အသင်းတစ်သင်းပါ။ ကျွန်တော်တို့ အနေနဲ့ လုပ်နိုင်စွမ်းရှိသမျှအကောင်းဆုံးပုံစံနဲ့ ယှဉ်ပြိုင်ကစားသွားပါမယ်"ဟု ပြောကြားခဲ့သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းခေါင်းဆောင် ခင်မာလာထွန်းက "ဂျပန်အသင်းကိုမှ မဟုတ်ပါဘူး အုပ်စုတွင်းမှာရှိတဲ့ တောင်ကိုရီးယား၊ ဗီယက်နမ် အသင်းတွေနဲ့ ပွဲစဉ်တွေမှာလည်း အကောင်းဆုံး ယှဉ်ပြိုင်ကစားသွားပါမယ်။ အခုလို အင်အားကြီးအသင်းတွေနဲ့ ကျရောက်တဲ့ အုပ်စုပွဲစဉ်တွေကို ကစားဖို့အတွက် တကယ်စိတ်လှုပ်ရှားနေပါပြီ။ စိုးရိမ်စိတ်တော့မရှိပါဘူး။ လုပ်နိုင်သမျှအကောင်းဆုံး ကစားသွားမှာပါ။ အသင်းဖော်တွေလည်း ထပ်တူကြိုးစားကစားမယ်လို့ယုံကြည်ပါတယ်" ဟု ပြောကြားခဲ့သည်။

အာရှဖလား အမျိုးသမီးပြိုင်ပွဲကို ဇန်နဝါရီ ၂၀ ရက်မှစတင်ကာ အိန္ဒိယနိုင်ငံ၌ ကျင်းပလျက်ရှိပြီး ပထမဆုံးပွဲတွင် တရုတ်အသင်းက တရုတ်အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။ ယင်းပြိုင်ပွဲကို အုပ်စုသုံးခုခွဲ၍ ပြုလုပ်လျက်ရှိပြီး အုပ်စု(က)တွင် အိမ်ရှင် အိန္ဒိယ၊ တရုတ်၊ တရုတ်တိုင်ပေ၊ အီရန်၊ အုပ်စု(ခ)တွင် သြစတြေးလျ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ အုပ်စု(ဂ)တွင် ဂျပန်၊ တောင်ကိုရီးယား၊ ဗီယက်နမ်နှင့် မြန်မာအသင်းတို့ ပါဝင်နေသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF