အာရပ်စော်ဘွားများ ပြည်ထောင်စုတွင် အစ္စရေးသံရုံး ဖွင့်လှစ်

၂၅ ဇန်နဝါရီ

 

 

အစ္စရေး နိုင်ငံက အာရပ်စော်ဘွားများ ပြည်ထောင်စု(ယူအေအီး)တွင် သံရုံးဖွင့်လှစ်ခဲ့သည်ဟု ပြောကြားသည်။

 

 

အစ္စရေး နိုင်ငံခြားရေးဝန်ကြီးဌာနက ယူအေအီးနိုင်ငံမြို့တော် အဘူဒါဘီတွင် ယမန်နေ့က သံရုံးဖွင့်လှစ် ခဲ့သည်ဟု ဆိုသည်။

 

 

ထိုထုတ်ပြန်ချက်တွင် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂါဘီ အက်ရှ်ကီနာဇီက ၎င်းတို့ဝန်ကြီးဌာန အနေဖြင့် ပင်လယ်ကွေ့ရှိ ငြိမ်းချမ်းရေးနှင့် ပုံမှန် သဘောတူညီချက်များ အကောင်အထည်ဖော်ရန်နှင့် အစ္စရေးနိုင်ငံ၏ နိုင်ငံတကာ အဆင့်အတန်းကို မြှင့်တင်ရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားထားသည်။

 

 

ယူအေအီးနိုင်ငံက အစ္စရေးနိုင်ငံ၏ စီးပွားရေး အချက်အချာ ဒေသဖြစ်သော တဲလ်အဗစ်တွင် သံရုံး တည်ထောင်ရန် ၎င်းအစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်းကိုလည်း နိုင်ငံပိုင် မီဒီယာမှတစ်ဆင့်  ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

 

အစ္စရေးနှင့် ယူအေအီး နိုင်ငံတို့သည် နှစ်နိုင်ငံအကြား တိုက်ရိုက် လေကြောင်း ပျံသန်းမှုများ စတင် ဆောင်ရွက်သကဲ့သို့ နှစ်နိုင်ငံ စီးပွားရေး ဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်နေကြသည်။

 

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို