ရန်ကုန်၊ ဇူလိုင် ၁
အာရှဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲ၏ အသင်းလိုက်စနူကာပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဇူလိုင် ၁ ရက်က ပြုလုပ်ခဲ့ရာ မြန်မာအသင်းသည် အုပ်စု(C)တွင် ကျရောက်နေသည်။ အာရှဘိလိယက်နှင့် စနူကာချန်ပီယံရှစ်ပြိုင်ပွဲကို ဆော်ဒီအာရေဗျနိုင်ငံ၌ ကျင်းပလျက်ရှိပြီး စနူကာတစ်ဦးချင်း ပြိုင်ပွဲအပြီးတွင် အသင်းလိုက်ပြိုင်ပွဲ ဆက်လက်ကျင်းပ ခြင်းဖြစ်သည်။
စနူကာ အသင်းလိုက်ပြိုင်ပွဲကို အုပ်စုခြောက်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပထမနေရာရ အသင်းများအနက် အကောင်းဆုံး လေးသင်းမှာ ကွာတားဖိုင်နယ် တိုက်ရိုက်ကစားခွင့်ရမည်ဖြစ်ပြီး ကျန်နှစ်သင်းမှာမူ ဒုတိယနေရာ ခြောက်သင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကာ အနိုင်ရသည့်လေးသင်းမှာ ကွာတားဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ အုပ်စုမဲခွဲမှုအရ အုပ်စု (A) တွင် အိန္ဒိယ (က)၊ ဟောင်ကောင် (ခ)၊ ဆော်ဒီ အာရေဗျ (ဂ)၊ အုပ်စု (B) တွင် ဟောင်ကောင် (က)၊ ကာတာ၊ သီရိလင်္ကာ၊ အုပ်စု (C) တွင် ပါကစ္စတန်၊ မြန်မာ၊ ဆော်ဒီအာရေဗျ (ခ)၊ အုပ်စု (D) တွင် အီရန်၊ ယူအေအီး၊ ကူဝိတ်၊ အုပ်စု (E) တွင် အိန္ဒိယ (ခ)၊ ထိုင်း၊ မွန်ဂို လီးယား၊ အုပ်စု (F) တွင် ဘာရိန်း၊ ဆော်ဒီ အာရေဗျ (က)၊ စင်ကာပူအသင်းတို့ ပါဝင်နေသည်။ မြန်မာစနူကာအသင်းတွင် အောင်ဖြိုးနှင့် သက်မင်းလင်းတို့ ပါဝင်ပြီး အသင်းလိုက်ပြိုင်ပွဲမတိုင်မီ တစ်ဦးချင်းပြိုင်ပွဲ ယှဉ်ပြိုင်ရာ နှစ်ဦးစလုံး အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ရန် စီစဉ်ထားသည့် မြန်မာဘိလိယက်ကစားသမား ပေါက်စမှာမူ ကျန်းမာရေးအခြေအနေကြောင့် ယှဉ်ပြိုင် နိုင်မည်မဟုတ်ကြောင်း သိရသည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - ACBS