အာရှ ယူ-၂၃ ခြေစစ်ပွဲတွင် အိမ်ရှင်မြန်မာအသင်းနှင့် ဂျပန်အသင်း နှစ်ပွဲဆက် အနိုင်ရ

၂၄ မတ် 

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းနှင့် ဂျပန်အသင်းတို့ နိုင်ပွဲဆက်ခဲ့သည်။  

 

မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် မကာအိုအသင်းနှင့် ယှဉ်ပြိုင်ခဲ့ရပြီး လေးဂိုးပြတ်အနိုင်ရခဲ့သည်။ မြန်မာအသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့သော်လည်း ပထမပွဲလောက် ကစားပုံမကောင်းခဲ့ဘဲ လေးဂိုးဖြင့်သာ ကျေနပ်ခဲ့ရသည်။ မြန်မာအသင်းသည် ဂျပန်အသင်းထက် ဂိုးကွာခြားချက်တွင် နည်းနေသောကြောင့် ဂျပန်နှင့် နောက်ဆုံးကစားရမည့်ပွဲမှာ အရေးပါလျက်ရှိသည်။

 

မြန်မာအသင်းနည်းပြချုပ် ပိုပေါ့ဗ်သည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲမလုပ်ဘဲ တီမောကို အနိုင်ရသည့် လူစာရင်းအတိုင်း ယှဉ်ပြိုင်ခဲ့သည်။ မြန်မာအသင်းသည် ပွဲအစ တစ်မိနစ်တွင် နောက်ခံလူ ရဲမင်းသူသွင်းယူသည့်ဂိုးဖြင့် အဖွင့်ဂိုးစတင်ရရှိခဲ့သည်။ မြန်မာအသင်းသည် ဂိုးစောစီးစွာရခဲ့သလို မကာအိုအသင်းဘက်သို့ ဖိကစားနိုင်သော်လည်း တိုက်စစ်ကစားပုံမှာ တီမောနှင့်ပွဲလောက် ကောင်းမွန်မရှိသောကြောင့် ဂိုးထပ်ရရန်ရုန်းကန်ခဲ့ရသည်။ ၁၈ မိနစ်တွင် မကာအိုနောက်ခံလူ ပယ်နယ်တီဧရိယာအတွင်း လက်ထိခဲ့၍ မြန်မာအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဝင်းနိုင်ထွန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့သောကြောင့် ဒုတိယဂိုးထပ်ရခဲ့သည်။ ဒုတိယပိုင်းတွင် မြန်မာအသင်း ဂိုးထပ်ရရန် ကြိုးပမ်းသော်လည်း မကာအိုနောက်တန်းကို ခက်ခက်ခဲခဲ ထိုးဖောက်နေရသလို အဆုံးသတ်အားနည်းနေသောကြောင့် မိနစ် ၇၀ ကျော်မှ တတိယဂိုးရခဲ့သည်။ ယင်းဂိုးကို ဝင်းနိုင်ထွန်းက တစ်ကိုယ်တော်အစွမ်းဖြင့် ၇၁ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် စတုတ္ထဂိုးကိုမူ ၈၅ မိနစ်တွင် လွင်မိုးအောင်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။

 

ပထမပွဲတွင် ဂျပန်အသင်းက တီမောအသင်းကို ခြောက်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ဂျပန်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးသာသွင်းယူနိုင်သော်လည်း ဒုတိယပိုင်းတွင် ငါးဂိုးသွင်းယူခဲ့သောကြောင့် ဂိုးပြတ်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် မြန်မာနှင့် ဂျပန်အသင်းက ခြောက်မှတ်စီရထားပြီး တီမောနှင့် မကာအိုအသင်းမှာမူ နှစ်ပွဲစလုံးရှုံးထားသောကြောင့် အမှတ်မရသေးပေ။ ဂိုးကွာခြားချက်တွင်မူ ဂျပန်အသင်းက အသာရထားသောကြောင့် အုပ်စုပထမနေရာတွင် ရပ်တည်နေသည်။ အုပ်စုနောက်ဆုံးပွဲကို မတ် ၂၆ ရက်တွင် ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်