အာရှ ယူ-၂၃ ခြေစစ်ပွဲ နောက်ဆုံးပွဲတွင် အိမ်ရှင်မြန်မာ ဂိုးပြတ်ရှုံးနိမ့်

နေပြည်တော် ၂၆ မတ်

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၀ အာရှ ယူ-၂၃ ခြေစစ်ပွဲ အုပ်စု (I) နောက်ဆုံးနေ့ကို ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ အိမ်ရှင်မြန်မာအသင်းသည် ဂျပန်အသင်းကို ခုနစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာ-ဂျပန် ပွဲမတိုင်မီ ယှဉ်ပြိုင်ကစားသည့်ပွဲတွင် တီမောအသင်း အနိုင်ရခဲ့သောကြောင့် ယခုပွဲတွင် ပေးဂိုးနည်းနည်းဖြင့် ရှုံးနိမ့်လျှင်ပင် ခြေစစ်ပွဲအောင်မြင်ရန် အခွင့်အရေးရှိမည့် မြန်မာအသင်းသည် မမျှော်လင့်ဘဲ ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

 

မြန်မာအသင်းသည် ပေးဂိုးနည်း၍ ခံစစ်အားပြု ကစားသော်လည်း ခံစစ်အမှားများကြောင့်ပင် ပထမပိုင်း၌ ငါးဂိုးအထိ ပေးခဲ့ရခြင်း ဖြစ်သည်။

 

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး နောက်တန်းငါးဦးအထိ အသုံးပြု ကစားခဲ့သည်။

 

ကွင်းလယ်ကစားသမားများပါ ခံစစ်ကို ဆင်းကူစေသည့် နည်းဗျူဟာဖြင့် ကစားသည့် မြန်မာအသင်းသည် ခံစစ်ကစားပုံ မပီပြင်သောကြောင့် ပွဲအစမှာပင် ဂိုးများဆက်တိုက်ပေးခဲ့ရသည်။

 

ပွဲအစ ခြောက်မိနစ်မှာပင် မြန်မာဂိုးသမား ဆန်းဆက်နိုင် အမှားမှတစ်ဆင့် မယ်ဒါက ဂျပန်အသင်းအတွက် ဂိုးစတင်သွင်းယူခဲ့သည်။

 

မြန်မာအသင်း ခံစစ်ဟာကွက်များကို ဂျပန်အသင်းက အသုံးချကာ ၈ မိနစ်တွင် မယ်ဒါ၊ ၁၃ မိနစ်တွင် အီဝါဆာကာတို့က နှစ်ဂိုးဆက်သွင်းယူခဲ့သည်။

 

မြန်မာအသင်းသည် ဂိုးထပ်မပေးရစေရန် ခံစစ်ကစားသမားများထည့်ကာ ခံစစ်အားဖြည့်သော်လည်း အလုပ်မဖြစ်ဘဲ ပထမပိုင်း ပြီးခါနီးတွင် ဂိုးများထပ်ပေးခဲ့ရသည်။

 

ဂျပန်အသင်းအတွက် အနိုင်ဂိုးများကို ၃၇ မိနစ်တွင် နာကာဝါရာ၊ ၄၄ မိနစ်တွင် မယ်ဒါတို့က သွင်းယူခဲ့သည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်း တိုက်စစ်ဆင်မှုများ ပြုလုပ်နိုင်ခဲ့ပြီး မိနစ် ၅၀ တွင် ဝင်းနိုင်ထွန်း၏ ကန်ချက် ဘားထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။

 

ဒုတိယပိုင်းတွင် ဂျပန်အသင်းက ပွဲကိုထိန်းကစားသွားပြီး ၆၈ မိနစ်တွင် အီဝါဆာကီ၊ ၇၉ မိနစ်တွင် နာကာဝါရာတို့က ဂိုးများထပ်မံသွင်းယူခဲ့သည်။ ပထမပွဲတွင် တီမောအသင်းက မကာအိုအသင်းကို ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

 

a