အာရှ ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုပွဲများကို သုဝဏ္ဏကွင်း၌ ကျင်းပမည်

ရန်ကုန်  ၂၀  ဇွန်

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၂၀ အာရှ ယူ-၁၉ နှင့် အာရှ ယူ-၁၆ အမျိုးသားခြေစစ်ပွဲ အုပ်စုပွဲများကို ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း အာရှအဆင့် ခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိပြီး မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ အိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲ၊ ယူ-၁၉ အမျိုးသမီးအသင်း၏ အာရှ ယူ-၁၉ ဒုတိယအဆင့်ခြေစစ်ပွဲ၊ ယူ-၁၆ အမျိုးသမီးအသင်း၏ အာရှ ယူ-၁၆ ဒုတိယအဆင့်ခြေစစ်ပွဲနှင့် ယူ-၂၂ အမျိုးသားအသင်း၏ အာရှ ယူ-၂၃ ခြေစစ်ပွဲပြီးနောက် ယူ-၁၉ နှင့် ယူ-၁၆ အမျိုးသားအသင်းတို့၏ အာရှခြေစစ်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ အာရှ ယူ-၁၆ ခြေစစ်ပွဲတွင် မြန်မာအသင်းသည် အုပ်စု (K) ၌ ကျရောက်နေပြီး စက်တင်ဘာ ၁၈ ရက်မှ ၂၂ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် တောင်ကိုရီးယား၊ ထိုင်း၊ တရုတ်တိုင်ပေတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး တစ်နေ့လျှင် နှစ်ပွဲနူန်းဖြင့် တစ်ရက်ခြား ကျင်းပမည်ဖြစ်သည်။ အုပ်စုပွဲများကို ညနေ ၃ နာရီနှင့် ညနေ ၆ နာရီတို့တွင် ကျင်းပမည်ဖြစ်ပြီး စက်တင်ဘာ ၁၈ ရက်တွင် တောင်ကိုရီးယားနှင့် တရုတ်တိုင်ပေ၊ မြန်မာနှင့် ထိုင်း၊ စက်တင်ဘာ ၂၀ ရက်တွင် တရုတ်တိုင်ပေနှင့် ထိုင်း၊ မြန်မာနှင့် တောင်ကိုရီးယား၊ စက်တင်ဘာ ၂၂ ရက်တွင် တောင်ကိုရီးယားနှင့် ထိုင်း၊ မြန်မာနှင့် တရုတ်တိုင်ပေအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။မြန်မာအသင်းသည် အုပ်စုပွဲများကို ဒုတိယပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင်မူ မြန်မာအသင်းသည် အုပ်စု (I) ၌ ကျရောက်နေပြီး တောင်ကိုရီးယား၊ တရုတ်၊ စင်ကာပူတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အာရှထိပ်သီးနှစ်သင်းနှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ်ရှိနေသည်။ ယင်းခြေစစ်ပွဲကိုလည်း နိုဝင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။ ခြေစစ်ပွဲအုပ်စုပွဲအဖြစ် နိုဝင်ဘာ ၆ ရက်တွင် တောင်ကိုရီးယားနှင့် စင်ကာပူ၊ မြန်မာနှင့် တရုတ်၊ နိုဝင်ဘာ ၈ ရက်တွင် စင်ကာပူနှင့် တရုတ်၊ မြန်မာနှင့် တောင်ကိုရီးယား၊ နိုဝင်ဘာ ၁၀ ရက်တွင် တောင်ကိုရီးယားနှင့် တရုတ်၊ မြန်မာနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ အုပ်စုပွဲများကို ညနေ ၃ နာရီနှင့် ၆ နာရီတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဒုတိယပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ယင်းခြေစစ်ပွဲယှဉ်ပြိုင်ရမည့် မြန်မာလူငယ်အသင်းများသည် ခြေစစ်ပွဲမတိုင်မီ အာဆီယံပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ယခုနှစ်ဆန်းပိုင်းကတည်းက လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ ယူ-၁၈ အသင်းကို နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်းက ကိုင်တွယ်နေပြီး မြန်မာ ယူ-၁၅ အသင်းကိုမူ နည်းပြသစ် ခန့်အပ်မည်ဖြစ်ပြီး ယခုလအတွင်း ခန့်အပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်တွင် အာရှ ယူ-၁၉ ပြိုင်ပွဲနှင့် အာရှ ယူ-၁၆ ပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် မြန်မာအသင်းအနေဖြင့် ယူ-၁၅ နှင့် ယူ-၁၈ အသင်းအဖြစ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း-ညီမြတ်သော်တာ