အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အောင်မြင်ခဲ့သည့် မြန်မာအမျိုးသမီး ဘောလုံးအသင်း

နေပြည်တော် ၁ မေ

 

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စု (က) နောက်ဆုံးပွဲစဉ်များကို ယမန်နေ့ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပခဲ့ပြီး ဩစတြေးလအသင်းနှင့် မြန်မာအသင်းတို့ အသီးသီးအနိုင်ရရှိခဲ့ကြကာ ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် နီပေါအသင်းနှင့် တွေ့ဆုံခဲ့ပြီး နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကာ ဩစတြေးလျအသင်းနှင့်အတူ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ယခုပွဲမတိုင်မီ ကစားသည့်ပွဲတွင် ဥဇဘက်ကစ္စတန်အသင်း အရေးနိမ့်ခဲ့သောကြောင့် မြန်မာအသင်းသည် သရေကျရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည် ဖြစ်သော်လည်း နိုင်ပွဲရယူခဲ့ခြင်းဖြစ်သည်။

 

မြန်မာအသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး စန်းသော်သော်၊ နွယ်နီဝင်း၊ ဇွန်ယုယဦး၊ မြတ်နိုးခင်၊ ဖြူဖြူဝင်းတို့ဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသလို နီပေါအသင်းကလည်း အကောင်းဆုံး တုံ့ပြန်ကစားခဲ့ကာ မြန်မာအသင်း အခွင့်အရေးများရသော်လည်း အသုံးမချနိုင်၍ နီပေါအသင်းအတွက် အခွင့်အရေးဖြစ်ခဲ့ပြီး ၃၅ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့သည်။ နီပေါတိုက်စစ်ကို ဟန့်တားခဲ့သည့် နောက်ခံလူ ဇွန်ယုယဦးကိုလည်း ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ပြီး ယင်းပယ်နယ်တီကို မာနီရှာက သွင်းယူခဲ့သည်။ မြန်မာအသင်းသည် ဂိုးပေးလိုက်ရသောကြောင့် တိုက်စစ်မြင့်သော်လည်း တစ်ယောက်လျော့သွား၍ ရုန်းကန်ခဲ့ရသည်။ ဒုတိယပိုင်းအစတွင် မြန်မာအသင်း ချေပဂိုးရရန် တိုက်စစ်အားမြင့်လာပြီး ၄၇ မိနစ်တွင် စန်းသော်သော်က ခေါင်းတိုက်ပြီး ဂိုးပြန်သွင်းခဲ့သည်။ ချေပဂိုးပြန်ရသွား၍ မြန်မာအသင်း ကစားပုံကောင်းလာပြီး ၅၃ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့သော်လည်း ပုံ့ပုံ့ပြည့်မောင် ကန်သွင်းရာ တိုင်ထိထွက်ခဲ့၍ နစ်နာခဲ့ရသည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းကသာ ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး ၆၈ မိနစ်တွင် မေဖူးကိုက အနိုင်ဂိုး သွင်းယူခဲ့သည်။

 

ခြေစစ်ပွဲအောင် မြန်မာအသင်းအား ပွဲအပြီးတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုနှုတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက၊ KBZ Bank နာယက ဦးအောင်ကိုဝင်းက ကျပ်သိန်း ၂၀ဝ၊ AYA Bank မိသားစုက ကျပ်သိန်း ၂၀ဝ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်က ကျပ်သိန်း ၁၀ဝ တို့ ချီးမြှင့်ရာ တာဝန်ရှိသူများက ကိုယ်စားပေးအပ်ချီးမြှင့်သည်။

 

ညနေ ၄ နာရီက ကျင်းပသည့် ပထမပွဲတွင် ဩစတြေးလျအသင်းက ဥဇဘက်ကစ္စတန်အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ခြေစစ်ပွဲအောင်မြင်ခဲ့သည်။ ဩစတြေးလျအသင်းအတွက် အနိုင်ဂိုးများကို မိနစ် ၄၀ တွင် ကော်နီခရော့စ်၊ ၄၈ မိနစ်တွင် ပရင့်ဆက်စ်၊ ၅၁ မိနစ်တွင် မေရီဖောင်လာ၊ ၈၇ မိနစ်တွင် ချယ်လ်ဆီးဘလီဆက်တို့က သွင်းယူပြီး ဥဇဘက်ကစ္စတန်အတွက် ချေပဂိုးတစ်ဂိုးကို ၇၇ မိနစ်တွင် ရှန်နိုဇာက သွင်းယူခဲ့သည်။

 

အုပ်စု (က) ပွဲစဉ်များအပြီးတွင် ကိုးမှတ်ရသည့် ဩစတြေးလျအသင်းနှင့် ခြောက်မှတ်ရသည့် မြန်မာအသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး သုံးမှတ်ရသည့် ဥဇဘက်ကစ္စတန်နှင့် သုံးပွဲစလုံးရှုံးသည့် နီပေါအသင်းတို့မှာ ခြေစစ်ပွဲအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်

 

1