အာရှ ယူ-၁၉ အမျိုးသမီး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်လျက်ရှိ

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်အတွက် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

 

မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲကစားမည့် ကာလနီးကပ်နေပြီဖြစ်သောကြောင့် သင်္ကြန်ရက်များပင် နားရက်မယူဘဲ ဆက်တိုက်လေ့ကျင့်ခဲ့ပြီး ဧပြီ ၁၈ ရက်တွင် မန္တလေးမြို့သို့ ကြိုတင်သွားရောက်ကာ လေ့ကျင့်မည်ဖြစ်သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ခြေစစ်ပွဲအောင်မြင်ရန်အတွက် ပထမအဆင့်ခြေစစ်ပွဲပြီးကတည်းက ပြင်ဆင်ခဲ့ပြီး ဒုတိယအဆင့်ခြေစစ်ပွဲမတိုင်မီ မတ်လဆန်းက ဂျပန်နိုင်ငံ၌ကျင်းပသည့် ဂျပန်-အာဆီယံ ယူ-၁၉ အမျိုးသမီးဖိတ်ခေါ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရလဒ်ကောင်းများ ရယူနိုင်ခဲ့သည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲအပြီးတွင် ဒုတိယအဆင့်ခြေစစ်ပွဲအတွက် ပြင်ဆင်ချိန် ခြောက်ပတ်ကျော်ရခဲ့ပြီး နိုင်ငံတကာခြေစမ်းပွဲများ ကစားရန် စီစဉ်သော်လည်း အဆင်မပြေသောကြောင့် ပြည်တွင်းခြေစမ်းပွဲများသာ ယှဉ်ပြိုင်ကစားခဲ့ရသည်။ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းသည် ပထမအဆင့်ခြေစစ်ပွဲတွင် ရုန်းကန်ခဲ့ရသော်လည်း လက်ရှိရရှိထားသည့် ခြေစွမ်းကြောင့် ခြေစစ်ပွဲအောင်မြင်ရန် အခြေအနေကောင်းလျက်ရှိသည်။

 

အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ ဒုတိယအဆင့်ကို ဧပြီ ၂၆ ရက်မှ ၃၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သည့် အုပ်စု (က) ကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ကျင်းပမည်ဖြစ်သည်။ ယင်းအုပ်စုတွင် မြန်မာ၊ သြစတြေးလျ၊ ဥဇဘက်ကစ္စတန်နှင့် နီပေါအသင်းတို့ ပါဝင်ပြီး ဒုတိယအဆင့်ခြေစစ်ပွဲကို အုပ်စုနှစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်