အာဖရိကတောင်ပိုင်းနိုင်ငံများသို့ လေယာဉ်ပြေးဆွဲမှု ဥရောပသမဂ္ဂ ရပ်နားထားမည်

 

ဘရပ်ဆဲလ် နိုဝင်ဘာ ၂၈

ကိုဗစ် -၁၉ မျိုးကွဲအသစ် ဥရောပ သို့ ကူးစက်ပျံ့နှံ့လာခြင်း အရှိန် နှေးကွေးစေရန်အတွက် ဥရောပသမဂ္ဂ (အီးယူ)သည် အာဖရိကတောင်ပိုင်းဒေသများသို့ ခရီးသွားလာမှုကို ရပ်နားရန်အတွက် စီစဉ်ထားကြောင်း ဥရောပကော်မရှင်က နိုဝင်ဘာ ၂၆ ရက် တွင် ပြောသည်။

ဥရောပကော်မရှင်သည် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နီးနီးကပ်ကပ် ဆောင်ရွက်သွားမည်ဖြစ်ပြီး အာဖရိက တောင်ပိုင်းဒေသများသို့ လေကြောင်းပြေးဆွဲမှုများ ရပ်နားရန်အတွက် ဆွေးနွေးမှုများပြုလုပ်သွားမည်ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌဖြစ်သူ အာဆူလာဗွန်ဒါလီယန်က တွစ်တာပေါ်တွင် ပြောကြားခဲ့သည်။

ဗွန်ဒါလီယန်၏ ကိုဗစ်-၁၉ အကြံပေးအဖွဲ့သည် နိုဝင်ဘာ ၂၆ ရက်နှောင်းပိုင်းတွင် အဆိုပါ ပြဿနာနှင့် ပတ်သက်ပြီး ဆွေးနွေးသွားကြရန် စီစဉ်ခဲ့သည်။ ကိုဗစ်-၁၉ မျိုးကွဲသစ်မှာ လက်ရှိ အသုံးပြုနေသည့် ကာကွယ်ဆေးများအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို နားလည်ရန်အတွက် အချိန်ယူရဦးမည် ဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်ကလည်း ဥရောပ ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ဥရောပတွင် ဖြစ်ပွားနေသည့် ရောဂါကူးစက်မှုအခြေအနေများကို စောင့်ကြည့်မှုများ ပြုလုပ်နေသည်ဟု ပြောသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး၏ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကိုလည်း အဆိုပါ ကိုဗစ်-၁၉ မျိုးကွဲအသစ်ကြောင့် ရက်ရွှေ့ဆိုင်းထားရကြောင်း သိရသည်။

မူလက နိုဝင်ဘာ၃၀ရက်တွင် ဂျီနီဗာ၌ ကျင်းပရန် စီစဉ်ထားသော်လည်း တောင်အာဖရိကတွင် ကိုဗစ်-၁၉ မျိုးကွဲအသစ်ကြောင့် ရက်ရွှေ့ဆိုင်းရန် ဆုံးဖြတ်လိုက်ရသည်ဟု သိရသည်။

ဆင်ဟွာ