အာဖဂန်နစ္စတန်နိုင်ငံ၌ စီးပွားရေးရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိ

ကဘူးလ် စက်တင်ဘာ ၇

 

အာဖဂန်နစ္စတန်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်ရန် နိုင်ငံ၏ ဘဏ္ဍာရေး အဖွဲ့အစည်းများကို တာလီဘန်တို့ကတိုက်ရိုက် ညွှန်ကြားခဲ့သော်လည်း အာဖဂန်နစ္စတန်နိုင်ငံတွင် စီးပွားရေး ရှုပ်ထွေးမှုများ ဆက်လက်ဖြစ်ပေါ် လျက်ရှိကြောင်း ယမန်နေ့သတင်းများအရ သိရသည်။ မြို့တော်ကဘူးလ်၌ ငွေကြေးလဲလှယ်ရေးဆိုင် တစ်ဆိုင်ကို ရက်ပေါင်း ၂၀ ခန့်အကြာတွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်ခဲ့ရာ လူအများအပြားသည် နိုင်ငံရပ်ခြားမှ ငွေလွှဲများကို ထုတ်ယူရန် အဆိုပါဆိုင်သို့ သွားရောက်ခဲ့ကြကြောင်း သိရသည်။

 

သို့ရာတွင် အာဖဂန်နစ္စတန် နိုင်ငံ၏ စီးပွားရေး ဆိုးဆိုးရွားရွား ထိခိုက်မှုဖြစ်ပေါ်နေသည်ကို စိုးရိမ်ကြောင်း အဆိုပါငွေကြေးလဲလှယ်ရေးဆိုင် မန်နေဂျာက ပြောကြားသည်။ တာလီဘန်တို့ကမူ ဘဏ်များကို ပြန်လည်ဖွင့်လှစ်ရန် ညွှန်ကြားခြင်းအားဖြင့် အာဖဂန်နစ္စတန်နိုင်ငံ၏ စီးပွားရေးကို တည်ငြိမ်လာရန် ကြိုးစားနေကြောင်းလည်း သိရသည်။ ယခုအချိန်အထိ အာဖဂန် နစ္စတန်နိုင်ငံ၌ ဘဏ်အနည်းငယ်သာ ညွှန်ကြားချက်ကို လိုက်နာပြီး လူအများအပြားကလည်း ပြန်လည် ဖွင့်လှစ်ထားသည့် ဘဏ်များ၌ တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လူအများစုသည် ၎င်းတို့လိုအပ်နေသည့် ငွေများကို ထုတ်ယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

 

ကုန်ဈေးနှုန်းများ မြင့်တက်လျက် ရှိခြင်းကြောင့် မြို့တော်ကဘူးလ်၌ ကုန်စည်ဖြန့်ဖြူးမှုကိုပင် ရပ်ဆိုင်း ခဲ့ရသည်။ ထို့ကြောင့် မြို့တော်ကဘူးလ်၏ စီးပွားရေးတည်ငြိမ်လာမည့်အချိန်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း သိရသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အလင်းသစ်