ဖေဖော်ဝါရီ ၁၈

အာဖဂန်နစ္စတန်နိုင်ငံအရှေ့ပိုင်း Khost ပြည်နယ်တွင် ယမန်နေ့က ရွှံ့မြေပြိုမှုကြောင့် ရွာသားနှစ်ဦးသေဆုံးကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ တာဟာအီဟာရာက ယနေ့တွင်ပြောကြားသည်။

အဆိုပါမတော်တဆမှုဖြစ်ပွားချိန်က ထိုရွာသားများသည် Zazai Maidan ဒေသရှိတောင်ထိပ်ပေါ်တွင်ရှိနေပြီး ယင်းနေရာမှာပင်သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းကပြောကြားပြီး အသေးစိတ်အချက်အလက်များကိုမူပြောကြားခြင်းမရှိပေ။

ရဲတပ်ဖွဲ့က နာရီပိုင်းအတွင်း ထိုဒေသသို့ရောက်ရှိပြီး  ဒေသခံများ၏အကူအညီဖြင့် သေဆုံးသူနှစ်ဦး၏ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး သေဆုံးသူများ၏မိသားစုဝင်များထံသို့လွှဲပြောင်းပေးခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူဖြစ်ရပ်မျိုး လွန်ခဲ့သောသီတင်းပတ်က မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်တွင်ဖြစ်ပွားခဲ့ပြီး ရွှေတွင်းလုပ်သားနှစ်ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို