အားကစားကွင်းများ လုံခြုံရေးတိုးတက်ကောင်းမွန်မှုရှိရေး အတူတကွလုပ်ဆောင်ရန် အင်ဒိုနီးရှားသမ္မတနှင့် ဖီဖာဥက္ကဋ္ဌတို့ သဘောတူ

ဂျကာတာ   အောက်တိုဘာ  ၁၉

 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ   ဂျီယန်နီ  အင်ဖန်တီနိုတို့ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်း ဘောလုံးအားကစား ကွင်းများတွင် လုံခြုံဘေးကင်းရေးတိုးတက် ကောင်းမွန်မှု ရှိလာစေရေးအတွက် အတူတကွ လုပ်ဆောင်ရန် သဘောတူညီခဲ့ကြကြောင်း အင်န်အိတ်ချ်ကေ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ 

 

ယခုလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်၌ ကွင်းအတွင်း ရုန်းရင်းဆန်ခတ် ဖြစ်ပွားမှုမှ သေဆုံးသူ ၁၃၀ ကျော် ရှိလာပြီးနောက် အဆိုပါသဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံသား သန်း ၁၅၀ ကျော်သည် ဘောလုံးပရိသတ်များဖြစ်ကြောင်းနှင့် အင်ဒိုနီးရှားနိုင်ငံတွင်း ပြိုင်ပွဲကို ပြုပြင်ပြောင်းလဲရန်၊ အသွင်ပြောင်းရန်မှာ ပထမဦးစားပေးလုပ်ရမည်ဖြစ်ကြောင်း သမ္မတဂျိုကိုဝီဒိုဒိုနှင့် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ပြောသည်။

 

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံတွင် ယာယီအားကစား အခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ကွင်းတွင်း ဆောင်ရွက်ထားရှိမှုနှင့် ပရိသတ်အပြုအမူကို ကြည့်ရှုစစ်ဆေးရန် ကျွမ်းကျင်သူများကို စေလွှတ်ရန် စီစဉ်နေကြောင်း အင်ဖန်တီနိုကပြောသည်။

 

အင်ဒိုနီးရှားနိုင်ငံသည် လာမည့်နှစ်တွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည့်အတွက် ဖီဖာ၏စံနှုန်းများကို လိုက်နာရန် အရေးကြီးကြောင်း သမ္မတ ဂျိုကိုဝီဒိုဒို က အလေးပေးပြောကြားသည်။

 

အင်န်အိတ်ချ်ကေ