အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ် -၁၉ ကူးစက်မှုများကြောင့် နယ်စပ်ထိန်းချုပ်ရေး ဇွန် ၂၅ ရက်အထိ တိုးမြှင့်သွားမည်

ဗျူနိုအေရိစ် ၁၄ ဇွန်

အာဂျင်တီးနားအစိုးရသည် နိုင်ငံအတွင်းသို့ နိုင်ငံခြားသားများဝင်ထွက်မှု ပိတ်ပင်ထားမှုကို သက်တမ်းတိုးလိုက်ကြောင်း ဇွန် ၁၂ ရက်တွင် ကြေညာခဲ့သည်။ ကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးရန်အတွက် ဇွန် ၂၅ ရက်အထိ နယ်စပ်ပိတ်ထားမှုကို လုပ်ဆောင်ဦးမည်ဟု သိရသည်။

ဗြိတိန်နိုင်ငံနှင့် တိုက်ရိုက်လေယာဉ်ပြေးဆွဲမှုအားလုံးကိုလည်း ဆက်လက်ရပ်နားဦးမည်ဟု သိရသည်။ ဗြိတိန်တွင် တွေ့ရှိရသည့် ဗီဇပြောင်းကိုဗစ်-၁၉ ကူးစက်မှုကို တားဆီးရန်အတွက် ယခုလို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဘရာဇီး၊ ချီလီနှင့် အိန္ဒိယမှ လာမည့် လေယာဉ်ခရီးစဉ်များကိုလည်း ဆက်လက် ဆိုင်းငံ့သွားမည်ဖြစ်သည်။ ထို့ပြင် တူရကီနှင့် အာဖရိကတို့မှ လာမည့်လေယာဉ်များကိုလည်း ဆိုင်းငံ့သွားဦးမည်ဟု အစိုးရကပြောသည်။

“ ဗီဇပြောင်းကိုဗစ်-၁၉ ၏ကူးစက်မှုမြန်ဆန်ခြင်းကြောင့် အန္တရာယ်များပြားပြီး လူသေဆုံးမှု များပြားနိုင်သည်ကိုလည်း အစိုးရက သတိပေးထားသည်။ ယခုအခါ အထူးကြပ်မတ်ကုသဆောင်၏ ၈၀ ရာခိုင်နှုန်းမှာ လူနာများနှင့် ပြည့်နေသည်ဟုလည်း သိရသည်။ အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ကူးစက်ခံရသူ ၄၀၉၃၀၉၀ ရှိပြီး သေဆုံးသူ ၈၄၆၂၈ ဦးရှိသည်ဟု သိရသည်။

ဆင်ဟွာ