အာဂျင်းတီးနားနိုင်ငံမှာ သန်းကြွယ်သူဌေးတွေရဲ့ အခွန်ငွေနဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ဖျက်ရေးလုပ်ဆောင်ရန် လွှတ်တော် ဆုံးဖြတ်

၅ ဒီဇင်ဘာ

အာဂျင်းတီးနားနိုင်ငံရဲ့ လူချမ်းသာစာရင်းဝင် သန်းကြွယ်သူဌေး ၁၂,၀၀၀ နီးပါးရဲ့ အခွန်ငွေအား ကျန်းမာရေးဆိုင်ရာ ပစ္စည်းတွေဝယ်ယူခြင်း၊ ဆင်းရဲသားနဲ့ လုပ်ငန်းအသေးစားတွေ ပြန်လည် ထူထောင်ခြင်းတွေမှာ သုံးစွဲသွားရန် သောကြာနေ့က ဆုံးဖြတ်လိုက်ကြောင်း သိရပါတယ်။ 

လွှတ်တော်မှာ သွေးစည်းညီညွတ်တဲ့လှူဒါန်းခြင်းဉပဒေလို့ အမည်ပေးထားတဲ့ ဉပဒေကြမ်းနဲ့ပတ်သတ်ပြီး ဆွေးနွေးနေပုံကို YouTube က တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ အဲဒီဉပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၄၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲနဲ့ အတည်ပြုနိုင်ခဲ့ကြောင်း သိရပါတယ်။ 

သမ္မတ အယ်ဘတ်တို ဖာနန်းဒတ် က ပြဋ္ဌာန်းလိုက်တဲ့ အခွန်ဉပဒေနဲ့ အခွန်တစ်ကြိမ်ကောက်ခံမှုပေါ်ကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးနဲ့ ကယ်ဆယ်ရေးအစီအစဉ်အတွက် အခွန်ပီဆိုငွေ ၃၀၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၅ ဘီလီယံ) အထိ ရရှိနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ 

လူဦးရေ ၄၄ သန်းနေထိုင်တဲ့ အာဂျင်တီနားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဒဏ် ဆိုးရွားစွာခံစားနေရကြောင်း သိရပါတယ်။ ရောဂါပိုးကူးစက်ခံရသူ ၁ ဒသမ ၄ သန်း ကျော် နဲ့ သေဆုံးသူ ၃၉,၅၀၀ ကျော် ရှိတာကို တွေ့ရပါတယ်။ 

နိုင်ငံမှာ ၂၀၁၈ ခုနှစ်က စပြီး စီးပွားရေး ကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် အလုပ်လက်မဲ့ဦးရေနဲ့ ဆင်းရဲမွဲတေမှု ဦးရေဟာ  များနေခဲ့တာဖြစ်ပါတယ်။ ကပ်ရောဂါပိုးကြောင့် အဲဒီအကျပ်အတည်းဟာ အဆမတန် များလာတာကို တွေ့ရပါတယ်။ 

သန်းကြွယ်သူဌေးတွေထံကနေ အခွန်ငွေကောက်ခံရာတွင် ပီဆိုငွေ သန်း ၂၀၀ ကျော်ချမ်းသာတဲ့ အာဂျင်တီးနား နိုင်ငံသားတွေထံမှ ကောက်ခံမှာဖြစ်ပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ ၎င်းတို့ရဲ့ပိုင်ဆိုင်မှုအပေါ်ကနေ ၃ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်ပြီး နိုင်ငံခြားရှိ ပိုင်ဆိုင်မှုအပေါ် ၅ ဒသမ ၂၅ ရာခိုင်နှုန်း  ကောက်ခံသွားမယ်လို့ သိရပါတယ်။ 

ရရှိလာမယ့် အခွန်ငွေတွေရဲ့ ၂၀ ရာခိုင်နှုန်းကို ကျန်းမာရေးဆိုင်ရာအတွက် သုံးစွဲသွားမှာဖြစ်ကြောင်း၊ နောက်ထပ် ၂၀ ရာခိုင်နှုန်းအား အသေးစားနဲ့အလတ်စား လုပ်ငန်းရှင်တွေအား ကူညီသွားမှာဖြစ်ကြောင်း၊ ၁၅ ရာခိုင်နှုန်းဟာ လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အသုံးပြုသွားမှာ ဖြစ်ကြောင်း၊ ၂၀ ရာခိုင်နှုန်းဟာ ကျောင်းသူကျောင်းသားတွေအတွက် ပညာသင်စရိတ် ထောက်ပံ့သွားမှာဖြစ်ကြောင်းနဲ့ ၂၅ ရာခိုင်နှုန်းကတော့ သဘာဝဓာတ်ငွေ ထုတ်ယူရေးအတွက် သုံးစွဲသွားမှာဖြစ်ကြောင်း သိရပါတယ်။ 

အခွန်ဌာန ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက်အရ သန်းကြွယ်သူဌေး ၁၂,၀၀၀ နီးပါးအပေါ်မှာ အခွန်ကောက်ခံနိုင်မှာ ဖြစ်ပါတယ်။ ၄၂ ရာခိုင်နှုန်းဟာ အမေရိကန်ဒေါ်လာနဲ့ တွက်ချက်နိုင်ပြီး ၉၂ ရာခိုင်နှုန်းကတော့ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြုပ်နှံထားတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP