အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲ ဩဂုတ် ၁၀ ရက်တွင် ပြုလုပ်မည်

ရန်ကုန်   ဇွန်   ၂

အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို သြဂုတ် ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

ယင်းပြိုင်ပွဲကို ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရွှေ့ဆိုင်း ခဲ့ရခြင်းဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်ကျင်းပမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကို ယခုနှစ် ဒီဇင်ဘာ ၅ ရက်မှ ၂၀၂ ခုနှစ် ဇန်နဝါရီ ၁ ရက်အထိ ပြန်လည်ပြုလုပ်မည်ဖြစ်ပြီး အသင်းပေါင်း ၁၀ သင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ၂၀၁၈ ပြိုင်ပွဲပုံစံအတိုင်း ကျင်းပရန် စီစဉ်ထားသော် လည်း ကိုဗစ်-၁၉ကပ်ရောဂါအပေါ် မူတည်၍ ပြိုင်ပွဲ ကျင်းပမည့်ပုံစံ အတည်ပြုသွားမည်ဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်ခြင်းမရှိဘဲ အုပ်စုပွဲများ တွင် ပြိုင်ပွဲဝင်အသင်းအနေဖြင့် အုပ်စုလေးပွဲအား အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် ကျင်းပခဲ့ခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ယခုနှစ် ပြိုင်ပွဲတွင် ကပ်ရောဂါကြောင့် ယင်းပုံစံအတိုင်း မကျင်းပနိုင်ပါက အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်၍ ပြုလုပ်သွားဖွယ်ရှိနေသည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ပြိုင်ပွဲကျင်းပမည့်ပုံစံကို အုပ်စုမဲခွဲမည့်ရက် တွင် အတည်ပြုသွားမည်ဖြစ်သည်။

မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ ယှဉ်ပြိုင် မည်ဖြစ်သည်။ မြန်မာအသင်းသည် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲတွင်အောင်မြင်မှုကြီးကြီးမားမား ရယူနိုင်ခြင်းမရှိသေးဘဲ ၂၀၀၄ နှင့် ၂၀၁၆ ပြိုင်ပွဲ နှစ်ကြိမ်သာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး ကျန်အကြိမ် များတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ယင်းပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး  ၁၂ ကြိမ် ကျင်းပထားပြီးဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်တွင် ထိုင်းအသင်းက ချန်ပီယံဆု ငါးကြိမ်၊ စင်ကာပူအသင်းက ချန်ပီယံဆု လေးကြိမ်၊ ဗီယက်နမ်အသင်းက ချန်ပီယံဆု နှစ်ကြိမ်၊ မလေးရှားအသင်း က ချန်ပီယံဆုတစ်ကြိမ် ရရှိထားသည်။ မြန်မာအသင်းသည် ယခုနှစ်အတွင်း အဓိကပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး လက်ရှိတွင် ၂၀၂၂ ကမ္ဘာ့ဖလား နှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ ယှဉ်ပြိုင်နေရသလို နှစ်ကုန်ပိုင်းတွင်လည်း အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ဗီယက်နမ် အသင်းက ချန်ပီယံဆုရရှိခဲ့သည်။

သတင်း - ကိုညီလေး

ဓာတ်ပုံ - AFF