အာဆီယံ ယူ-၂၃ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာအသင်း ပြင်ဆင်နေ

ရန်ကုန်   ဇန်နဝါရီ   ၁၉

မြန်မာ ယူ-၂၃ အသင်းသည် ယခု နှစ်ဝက်မတိုင်မီ ယှဉ်ပြိုင်ရမည့် အာဆီယံယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

မြန်မာ ယူ-၂၃ အသင်းသည် ယင်းပြိုင်ပွဲနှစ်ခုကို နှစ်လသာခြား၍ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် တစ်ပေါင်းတည်းပြင်ဆင်နေခြင်းဖြစ်ပြီး အာဆီယံပြိုင်ပွဲအပြီးတွင် ရက်ပိုင်းသာနားကာ ဆီးဂိမ်းအတွက် ဆက်လက် ပြင်ဆင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ပဏာမကစားသမား ၃၀ ရွေးချယ် ထားပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလက ၂၀၂၂ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ဖွဲ့စည်းထားပြီး ယူ-၁၉ လက်ရွေးစင်အသင်းမှ ကစားသမားများ ပါဝင်သလို စပိန်ဒုတိယတန်းကလပ် လီဟာနက်စ်လူငယ်အသင်းတွင် ကစားနေသည့် တောင်ပံတိုက်စစ် ကစားသမား အာသာဖလည်း ပါဝင်လျက်ရှိသည်။ မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံပြိုင်ပွဲအပြီးတွင် ဆီးဂိမ်းပြိုင်ပွဲအတွက် ထပ်မံပြင်ဆင်ရမည်ဖြစ်သောကြောင့် ပြိုင်ပွဲနှစ်ခုစလုံးတွင် အသုံးပြုနိုင်မည့် ကစားသမားများကိုရွေးချယ်ထားခြင်း ဖြစ်သည်။ ယင်းအသင်းကို နည်းပြချုပ်အဖြစ် ဘူလ်ဂေးရီးယား နိုင်ငံသား ပိုပေါ့ဗ် က တာဝန်ယူကိုင်တွယ်နေပြီး ဇန်နဝါရီ ၁၀ရက်တွင် စတင်လေ့ကျင့်ပြင်ဆင်နေခြင်း ဖြစ်သည်။ ပိုပေါ့ဗ်သည် အာဆီယံ ယူ-၂၃ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်းကို နှစ်ကြိမ်ဆက် ကိုင်တွယ်ခွင့်ရခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်ကလည်း ယင်းပြိုင်ပွဲ နှစ်ခုစလုံး ယှဉ်ပြိုင်ခဲ့ရသည်။

အာဆီယံ ယူ-၂၃ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည် ဖြစ်ပြီး မြန်မာအသင်းသည် အုပ်စု(ခ)တွင် အင်ဒိုနီးရှား၊ မလေးရှား၊ လာအိုအသင်းတို့နှင့် ပါဝင်နေသည်။ (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကိုမူ ယင်းရက်ထက်စော၍ ပြုလုပ်မည်ဖြစ်သည်။ မြန်မာအသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၉ အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် အုပ်စုမှထွက်ခဲ့ရသော်လည်း ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ရရှိခဲ့သည်။

ရဲရင့်လွင်