အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ဆီးဂိမ်းပြိုင်ပွဲအတွက် မြန်မာ ယူ-၂၂ အသင်း ဇန်နဝါရီလဆန်း စတင်ပြင်ဆင်မည်

နိုဝင်ဘာ ၂၇

မြန်မာ ယူ-၂၂ အသင်းသည် လာမည့်နှစ်တွင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ အာဆီယံ ယူ-၂၂ ပြိုင်ပွဲနှင့် ၃၁ ကြိမ်မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ဇန်နဝါရီလဆန်းတွင် စတင်လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

မြန်မာအသင်းယှဉ်ပြိုင်မည့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၆ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၊ ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလလယ်တွင် ဗီယက်နမ်နိုင်ငံတို့၌ ကျင်းပသွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည့် ၃၁ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် အာဆီယံ ယူ-၂၂ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ သုံးလဝန်းကျင်အလိုတွင် ကျင်းပသည့် ယင်းပြိုင်ပွဲ၌ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး အရှေ့တောင်အာရှအသင်းအားလုံးနီးပါး ပါဝင်ယှဉ်ပြိုင်ဖွယ် ရှိသဖြင့် အကျိုးရှိမည့်ပြိုင်ပွဲလည်းဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းသည် အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်ပြီးပါက ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲအတွက် ဆက်လက်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းကို နည်းပြချုပ်အဖြစ် ဘူဂေးရီးယားနိုင်ငံသား ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်မည်ဖြစ်သည်။

အာဆီယံ ယူ-၂၂ ပြိုင်ပွဲကို သုံးကြိမ်မြောက်ကျင်းပခြင်းဖြစ်ပြီး ၂၀၀၅ ခုနှစ်ကကျင်းပသည့် ပထမအကြိမ်တွင် ထိုင်းအသင်း ၂၀၁၉ ခုနှစ်ကကျင်းပသည့် ဒုတိယအကြိမ်တွင် အင်ဒိုနီးရှားအသင်းတို့ ဗိုလ်စွဲထားသည်။ ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲမှာမူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းထားရခြင်းဖြစ်သည်။

သတင်း-ရဲရင့်လွင်