အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို စက်တင်ဘာတွင်ကျင်းပရန် အာဆီယံဘောလုံးအဖွဲ့ချုပ် စီစဉ်

 

ရန်ကုန် ၁၂ သြဂုတ်


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို စက်တင်ဘာတွင်ကျင်းပရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက ပြိုင်ပွဲများကျင်းပနိုင်ခြင်းမရှိခဲ့သည့် အာဆီယံဘောလုံးအဖွဲ့ချုပ်အနေဖြင့် ပထမဆုံးပြိုင်ပွဲအဖြစ် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ယခုနှစ်အတွင်း ပြိုင်ပွဲကိုးခုပြုလုပ်ရန် စီစဉ်ထားသော်လည်း ကပ်ရောဂါကြောင့် နောက်ဆုတ်ထားရပြီး စက်တင်ဘာတွင် စတင်ပြုလုပ်ရန် ကြိုးပမ်းနေကာ ယင်းပြိုင်ပွဲအပေါ်မူတည်၍ နောက်ထပ်ပြိုင်ပွဲများ ထပ်မံပြုလုပ်သွားမည်ဖြစ်သည်။ 

အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်မှ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာဖူဆယ်ကလပ်အသင်းများ ပုံမှန်ယှဉ်ပြိုင်နေသည့်ပြိုင်ပွဲလည်းဖြစ်သည်။ သို့သော် မြန်မာဖူဆယ်ကလပ်အသင်းများသည် ၂၀၁၉-၂၀၂၀ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပြီးဆုံးသည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီကတည်းက လေ့ကျင့်မှုရပ်နားထားပြီး နောက်ပိုင်းတွင် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် တစ်နှစ်ကျော်ကြာ လေ့ကျင့်မှုရပ်နားထားခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာဖူဆယ်ကလပ်အသင်းများအနေဖြင့် ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် မသေချာသေးဘဲ ယှဉ်ပြိုင်ဖြစ်ပါက နောက်ဆုံး ဖူဆယ်လိဂ်ချန်ပီယံအသင်းဖြစ်သော MIU အသင်းက ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲကို ၂၀၁၅ ခုနှစ်တွင်စတင်ကျင်းပခဲ့ပြီး နှစ်စဉ်ပြုလုပ်နေသည့်ပြိုင်ပွဲဖြစ်သော်လည်း ပြီးခဲ့သည့်နှစ်တွင် ကပ်ရောဂါကြောင့် ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ။ ကျင်းပပြီးစီးခဲ့သည့် ငါးကြိမ်တွင် မြန်မာဖူဆယ်ကလပ်များဖြစ်သည့် MIU အသင်း (ယခင် MIC အသင်း) က လေးကြိမ်နှင့် PU အသင်းက တစ်ကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ MIU အသင်းသည် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရသည့် ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၈ နှင့် ၂၀၁၉ လေးကြိမ်စလုံး တတိယဆုရခဲ့ပြီး ၂၀၁၇ ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခဲ့သော PU အသင်းမှာမူ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

အရှေ့တောင်အာရှ ဖူဆယ်လောကကို ထိုင်းနိုင်ငံက စိုးမိုးထားပြီး လက်ရွေးစင်အသင်းအပြင် ကလပ်အသင်းပြိုင်ပွဲဖြစ်သည့် ယခု အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲတွင်လည်း ထိုင်းကလပ်အသင်းများကသာ ငါးကြိမ်စလုံး ဗိုလ်စွဲထားသည်။

သတင်း-ကိုညီလေး