အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အဖွင့်ပွဲတွင် မြန်မာကလပ် MIU အသင်း ဂိုးပြတ်နိုင်

၁၈ ဇွန်

၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲ အုပ်စုပထမနေ့ကို ယနေ့ နေ့လယ်ပိုင်းမှစ၍ ထိုင်းနိုင်ငံ နာခွန်ရတ်ချက် စီမာမြို့၌ စတင်ကျင်းပရာ မြန်မာကလပ် MIU အသင်း ဂိုးပြတ်အနိုင်ရခဲ့သည်။

MIU အသင်းသည် အဖွင့်ပွဲအဖြစ် မလေးရှားကလပ် မီလာကာယူနိုက်တက်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ခုနစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ MIU အသင်းသည် ခြေအသာဖြင့် ကစားကာ ပထမပိုင်းတွင် ငါးဂိုး၊ ဒုတိယပိုင်း တွင် နှစ်ဂိုးသွင်းယူခဲ့ခြင်း ဖြစ်သည်။

MIU အသင်းသည် ပုံစံကောင်းပြသနိုင်ခဲ့ပြီး ၂ မိနစ်မှာပင် ကျော်ကျော်ထွန်းက အဖွင့်ဂိုး စတင်သွင်းယူခဲ့သည်။ ၃ မိနစ်တွင် မီလာကာအသင်းက ချေပဂိုးပြန်သွင်းသော်လည်း MIU အသင်းက ၄ မိနစ်တွင် ပြည့်ဖြိုးမောင်-၃ သွင်းယူသည့်ဂိုးဖြင့် ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ၇ မိနစ်တွင် ပြည့်ဖြိုးမောင်-၃၊၁၂ မိနစ်တွင် ကျော်ကျော်ထွန်းနှင့် မိနစ် ၂၀ တွင် ပြည့်ဖြိုးမောင်-၂ တို့က ဂိုးများထပ်သွင်းခဲ့သည်။

ဒုတိယပိုင်းတွင်လည်း MIU အသင်းကသာ ပွဲကိုထိန်းကစားသွားပြီး၂၆ မိနစ်တွင် ပြည့်ဖြိုးမောင်-၃ ၊ ၂၇ မိနစ်တွင် လှိုင်မင်းထွန်းတို့က သွင်းယူခဲ့သည်။ 

MIU အသင်းသည် ဒုတိယပွဲအဖြစ် ဇွန်၂၀ ရက်တွင် ကမ္ဘောဒီးယားကလပ် Down Town အသင်းနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ- MIU FC