(၉)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းအဝေး ကျင်းပ

ရန်ကုန်  ၂၅   မတ်  

 

မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်မှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသည့် “(၉)ကြိမ်မြောက် မဲခေါင်ဒေသတွင်းနိုင်ငံများ၏ အရင်းအနှီးဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (9th MCMC) အစည်းအဝေး” ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့၊ ဆူးလေရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

 

အစည်းအဝေးတွင် သဘာပတိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊  ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးမောင်မောင်ဝင်းက မဲခေါင်ဒေသအတွင်း အရင်းအနှီး ဈေးကွက်များ၏ အတွေ့အကြုံများနှင့် ဗဟုသုတများ မျှဝေဖလှယ်ရန်နှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်၍ မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက်ကြီးကြပ်သူများနှင့် မူဝါဒ ရေးရာချမှတ်သူများ၏ ပထမအကြိမ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ (၈) ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပခဲ့ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မဲခေါင်ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်မှုနှင့် ပူးပေါင်းဆောင်ရွက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုစာချွန်လွှာကို ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်  ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် တည်ထောင်ပြီးသည့် ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပပြုလုပ်သည့် MCMC  အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၈) ကြိမ်မြောက် MCMC အစည်းအဝေး၌ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်က MCMC အဖွဲ့ဝင်နိုင်ငံအဖြစ် အဖွဲ့ဝင်နိုင်ငံစုံပါဝင်သော နားလည်မှုစာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခု (၉) ကြိမ်မြောက် MCMC အစည်းအဝေးအား မြန်မာနိုင်ငံမှ ပထမအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခွင့် ရရှိခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ “အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရေး လတ်တလောပြဋ္ဌာန်းခဲ့သည့် စည်းမျဉ်း စည်းကမ်းများနှင့် စိန်ခေါ်မှုများ”ခေါင်းစဉ်ဖြင့် အဖွဲ့ဝင်နိုင်ငံများမှ တင်ပြဆွေးနွေးခြင်း၊ ထိုင်းနိုင်ငံ၏ အရင်း အနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေ့အကြုံအား မျှဝေခြင်းနှင့် ၂၀၁၉ ခုနှစ်အတွက် စွမ်းဆောင် ရည်မြှင့်တင်ခြင်းဆိုင်ရာသင်တန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့်အစီအစဉ်အား ဆွေးနွေးခြင်း တို့ကို ရင်းနှီးပွင့်လင်းစွာဆွေးနွေး၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

အဆိုပါအစည်းအဝေးသို့ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီး ကြပ်ရေးကော်မရှင်တို့မှ အကြီးအကဲများနှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြသည်။

 

ယခုကျင်းပသည့် (၉)ကြိမ်မြောက် MCMC အစည်းအဝေးကို မြန်မာနိုင်ငံမှ ပထမဆုံးအကြိမ် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အပြည့်အဝပူးပေါင်းပါဝင်မှုဖြင့် မဲခေါင် ဒေသဆိုင်ရာ အရင်းအနှီးဈေးကွက်များ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆောင်ပုဒ်ဖြစ်သည့် “We help! We share! We benefit together!”ဟူသော ဆောင်ပုဒ်နှင့်အညီ ဒေသတွင်းနိုင်ငံများ အချင်းချင်း အတွေ့အကြုံ များ မျှဝေခြင်းဖြင့် အရင်းအနှီးဈေးကွက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ လက်တွေ့ကျကျ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

(သတင်းစဉ်)