(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဒါးပိန်ရေထိန်းတံခါးဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ  ၂

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်း နှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ပြီးစီးခဲ့သည့် ဒါးပိန်ရေထိန်းတံခါး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လှည်းကူးမြို့နယ် ဒါးပိန်မြောက်ကျေးရွာရှိ အဆိုပါ ရေထိန်းတံခါးရှိမဏ္ဍပ်တွင် ကျင်းပသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ကျေးရွာရပ် မိရပ်ဖများက ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ဝန်ကြီးချုပ်က ရေထိန်းတံခါးအားလည်းကောင်း၊‌ ရေထိန်းတံခါးနှင့် သက်ဆိုင်သည့် အချက်အလက်မှတ် တမ်းဓါတ်ပုံများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ချောင်းကော၊ မြောင်းကော၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများ၊ ရေတံခါးတည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများ၊ တာတမံပြုပြင်ခြင်းလုပ်ငန်းများ၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင်ရွက်ခဲ့သည့်အတွက် စိုက်ပျိုးရေပိုမိုရရှိလာပြီး ယခင်နွေစပါးစိုက်ပျိုးဧက (၁၈၆၁၃၉) ခန့်သာ စိုက်ပျိုးနိုင်သော်လည်း ယခုတွင် (၂၀၅၅၅၄)ဧကအထိ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ယခုဖွင့်လှစ် သည် ( ၆'ပေ ၈' ပေ) (၆) ပေါက်ပါဒါးပိန်ချောင်းရေထိန်းတံခါးသည် လှည်းကူးမြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာ အုပ်စုအတွင်းရှိ လယ်ယာမြေဧက (၆၅၀၀) အား နွေစပါးရာသီတွင် စိုက် ပျိုးရေပေးဝေနိုင်ခြင်း၊ တစ်သီးစား၊ နှစ်သီးစား၊ သီးထပ်စိုက်ပျိုးနိုင်ခြင်း၊ မိုးရာသီတွင် လယ်မြေများရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ခြင်း၊ မြို့နယ်အတွင်း လိုအပ်သော သောက်သုံးရေများ ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)