(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနား ကျင်းပ 


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ နေပြည်တော်ကောင်စီ ဥက္ကဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေး ဆိုင်ရာဆေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က တိုင်းရင်းသားလူမျိုး (၁၃၅) မျိုးဖြင့် တည်ဆောက်ထားသော မိမိတို့ ပြည်ထောင်စု မြန်မာနိုင်ငံတော်တွင် မွေးရာပါ နိုင်ငံသား အခွင့်အရေးဖြစ်သော တန်းတူရည်တူရှိမှု၊ အေးအတူ ပူအမျှ ကောင်းတူဆိုးဘက် ပူးပေါင်းနေထိုင်လိုမှု အစဉ်အလာကောင်း ဆန္ဒမွန်တို့ဖြင့် မိမိတို့နိုင်ငံ တိုးတက်ရာတိုးတက်ကြောင်း ဖွံ့ဖြိုးရာဖွံ့ဖြိုးကြောင်း ဝိုင်းဝန်း ဆောင်ရွက်ခဲ့ကြသည့် သမိုင်းကောင်း အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကြပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှု ထာဝစဉ်တည်တံ့ရေးနှင့် ပြည်ထောင်စုကြီး ထာဝရတည်တံ့ခိုင်မြဲအောင် ပြည်တွင်းအင်အားဖြင့် ကြိုးပမ်း တည်ဆောက်ရေးဟူသော (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ဖြစ်ကြောင်း၊ အလားတူ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာ ဖူလုံပိုလျှံရေးအတွက် အနာဂတ်တွင် စိုက်ပျိုး မွေးမြူရေးဆိုင်ရာ အသိပညာရှင် အတတ်ပညာရှင်များအဖြစ် ပုခုံးပြောင်း တာဝန်ယူကြရမည့် မောင်တို့မယ်တို့အနေဖြင့် ယခုပညာဆည်းပူးချိန်တွင် နည်းပညာ အသိပညာများ သာမက မိမိတို့၏အချိန် အစားအသောက် အနေအထိုင်နှင့် လူနေမှုစနစ်များကိုပါ တစ်ပါတည်း လေ့လာသင်ယူသွားကြရန်နှင့် နိုင်ငံတော်က အားကိုးရသည့် လူရည်ချွန် လူရည်မွန်များဖြစ်စေရေး ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။  

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ဒုတိယဝန်ကြီးများသည် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် စိုက်ပျိုးရေး တက္ကသိုလ် ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် နှင့် ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကျောင်း တို့မှ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ကျောင်းသား ကျောင်းသူများက ပြည်ထောင်စုနေ့ဂုဏ်ပြု အကပဒေသာ များနှင့် ကပြဖျော်ဖြေမှုကို ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဌနှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။

အခမ်းအနားအပြီးတွင် အကအဖွဲ့များကို ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး ပြိုင်ပွဲဝင် ဆုရပန်းချီများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်