(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနား ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပ

စစ်တွေ၊    ၁၂    ဖေဖော်ဝါရီ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်သည့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ  ဓညဝတီအားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၇ နာရီက ကျင်းပသည်။

ရှေးဦးစွာ  အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ စစ်တွေတပ်နယ်မှ တပ်မတော်စစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စစ်ကြောင်းမှ စစ်ကြောင်းချီတက်ပြီး၊ စစ်ရေးပြမှူးက ဦးဆောင်ကာ ရခိုင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းအား အလေးပြုကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှ ရခိုင်ပြည်နယ် ကောင်စစ်ဝန်များ၊ မြို့မိ၊ မြို့ဖများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများ၊ ရဲဘော်များအား အလေးပြုကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ဒေါက်တာ အောင်ကျော်မင်းက ဖတ်ကြားသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးသည်။

ယင်းနောက် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များအား ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်သည်။

တင်ထွန်း(ပြန်/ဆက်)