(၇၄)နှစ်မြောက် နိုင်ငံတော်အလံတင်အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့အခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာ၊ ၁၂         ဖေဖော်ဝါရီ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ကန်သာယာကန် လွတ်လပ်ရေးကျွန်းပေါ်ရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက်ပိုင်းက ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် နိုင်ငံတော် အလံတင်အလေးပြုခြင်းနှင့် ပြည်ထောင်စုနေ့အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပရာ စစ်ကိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့်အဖွဲ့ဝင်များ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ၊  တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနားကို နံနက် ၅ နာရီခွဲက အဆိုပါ လွတ်လပ်ရေး ကျောက်တိုင်၌ ကျင်းပရာ ဂုဏ်ပြုတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံတင်၍ အလေးပြုကြသည်။

 

ဆက်လက်ပြီး နံနက် ၇ နာရီတွင် ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော ၂၀၂၁ ခုနှစ်၊ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာကို စစ်ကိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ဖတ်ကြားပြီး လွတ်လပ်ရေးကျွန်းနှင့် ပြည်ထောင်စုကျွန်း ကမ္ပည်းဆိုင်းဘုတ်များအား တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)