(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနား  တက်ရောက်လာသူများ၏ စကားသံများ

မန္တလေး  ၁၉  ဇူလိုင် 


(၇၂)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့ နံနက် ၈ နာရီအချိန်မှ စတင်၍ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရိ ဘောလုံးကွင်း၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားတွင် တက်ရောက်လာသူများ၏ စကားသံများကို စုစည်းတင်ပြလိုက်ပါသည်။

 

1

 


မခင်ထားဦး
ချမ်းမြသာစည်မြို့နယ်


ကိုယ့်နိုင်ငံကို လွတ်လပ်ရေးရအောင် လုပ်ပေးတဲ့ ခေါင်းဆောင်ကြီးတွေကို အရမ်းအောက်မေ့သတိရတယ်။ ကိုယ်နိုင်ငံရဲ့ အာဇာနည်နေ့ကို ကလေးတွေကိုလည်း သိစေချင်တယ် ဒီပွဲကိုလည်း နှစ်တိုင်းလိုက်ပို့နိုင်အောင် ကြိုးစားတယ်။ အမ ငယ်ငယ်ကတည်းက တက်ချင်ခဲ့တာ။ အခု မန္တလေးမှာ ကိုယ်တိုင်ဆိုင်ဖွင့်နိုင်မှ တက်ဖြစ်အောင် ကြိုးစားခဲ့တာ ဒီနှစ်နဲ့ဆို ၃ နှစ်မြောက်ရှိပါပြီ။

 

1

 


မောင်ပိုင်စိုးဦး
အောင်မြေသာစံမြို့နယ်


ကျွန်တော်တို့နိုင်ငံကို လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့အတွက် ကျွန်တော်တို့ ပြည်သူတစ်ရပ်လုံး ဝမ်းနည်းကြေကွဲကြတယ်။ အဲဒီအထိမ်းအမှတ်နဲ့ ဒီပွဲကို လာတက်ပြီး ခေါင်းဆောင်ကြီးတွေကို ဂါဝရလာပြုတာပါ။

 

1

 


မလွင်လွင်မာ (နာဂတိုင်းရင်းသူ)


နိုင်ငံရဲ့ ဖခင်ကြီးလည်းဖြစ်တယ်။ တိုင်းရင်းသားပေါင်းစုံ ပေါင်းနေထိုင်ကြတဲ့ အမတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရအောင် ကြိုးစားပေးခဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို ဆုံးရှုံးလိုက်ရတဲ့အတွက် ကြေကွဲဝမ်းနည်းတဲ့ အထိမ်းအမှတ်နဲ့ လာရောက်ဂါဝရပြုတာပါ။

 

1

 


ဦးသက်နိုင်ဝင်း 
ချမ်းမြသာစည်မြို့နယ်


မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးစားကြတဲ့ ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံရတာကို ဝမ်းနည်းပြီး နှမြောတသ ဖြစ်တဲ့အနေနဲ့ ဒီပွဲကို လာတက်ဖြစ်တာပါ။ ဆရာတော်ကြီးတစ်ပါး မိန့်ကြားခဲ့သလိုပေါ့။ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေးအတွက် ကြိုးစားပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အစည်းဝေး လုပ်တဲ့အချိန်မှာ မသမာသူ လူတစ်စုရဲ့ လုပ်ကြံမှုကြောင့် သေဆုံးခဲ့ရတယ်။အဲလို အာဇာနည်နေ့မျိုး ဒီတစ်ကြိမ်တစ်ခါထက်ပိုပြီး နောက်ထပ်ဘယ်တော့မှလည်း မတွေ့ပါရစေနဲ့။မကြုံပါရစေနဲ့လို့ပဲ ထပ်ဆင့်ပြီး ဆုတောင်းပါတယ်။

 

1

 


မသဲသဲထက် 
သပိတ်ကျင်းမြို့နယ်
      

လွတ်လပ်​ရေးရအောင် ကြိုးစားပေးခဲ့တဲ့ အာဇာနည်ကြီးတွေကို အရမ်းကို လေးစားမိပါတယ်။ဆောင်းပါးလေး တစ်ခုထဲမှာ ကလေးတစ်ယောက် ပြောသလိုပေါ့။သူတို့ကျောင်းက မိုးယိုနေတာက အာဇာနည်ခေါင်းဆောင်ကြီးတွေကို ပစ်လိုက်တဲ့ ကျည်ဆန်တွေက ခေါင်းဆောင်ကြီးတွေကိုတင် မှန်ခဲ့တာမဟုတ်ဘူး။ သူတို့ကျောင်းက ခေါင်းမိုးတွေကိုပါ မှန်ခဲ့တာတဲ့။ ကလေးပြောခဲ့အတိုင်းပါပဲ အာဇာနည်ခေါင်းဆောင်ကြီးတွေကျဆုံးခဲ့တာဟာ ကျွန်မတို့အတွက် အလွန်ကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ။


တင်ဇာလှိုင်(ပြန်/ဆက်)
ဓာတ်ပုံ   သန်းဇော်မင်း