(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ စတင်ကျင်းပ

နေပြည်တော်   မတ်   ၁၇

 

(၅၈) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပထမနေ့ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်း၊  ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

 

နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့်  ခန်းမအပြင်ဘက်  သတ်မှတ် နေရာများအလိုက်     ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

 

ထို့နောက်  ရတနာကုန်သည်များသည်  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ပုလဲအတွဲများ၊ ကျောက်မျက်နှင့်  ကျောက်စိမ်း အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများကို  သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။

 

ရတနာပြပွဲတွင် ပုလဲအတွဲပေါင်း ၂၉၅ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ နှင့် ကျောက်စိမ်း အတွဲပေါင်း ၂၁၅ တို့ကို ပြည်တွင်း၊   ပြည်ပ      ရတနာကုန်သည်များအား   အိတ်ဖွင့်တင်ဒါစနစ်ဖြင့်  ရောင်းချ ပေးသွားမည်ဖြစ်သည်။

 

ပုလဲအတွဲများကို မတ် ၁၇ ရက်တွင်    စတင်ခင်းကျင်းပြသပြီး မတ် ၁၈ ရက်နှင့်  ၁၉  ရက်များတွင် အိတ်ဖွင့်တင်ဒါ စနစ်ဖြင့်လည်းကောင်း၊ ကျောက်မျက်အတွဲများကို မတ် ၁၇ ရက်မှ ၁၉ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၀ ရက်တွင်  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲများကို မတ် ၁၇ ရက်မှ ၂၀ ရက်အထိ ခင်းကျင်းပြသပြီး မတ် ၂၁ ရက်မှ  ၂၃ ရက် အထိ အိတ်ဖွင့်တင်ဒါစနစ်ဖြင့်လည်းကောင်း ရောင်းချပေးသွားမည်ဖြစ်သည်။

 

ယခုပြပွဲတွင် ပုလဲအတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေးထားရှိပြီး တန်ဖိုးငွေပေးချေရာတွင် ပြည်ပ ကုန်သည်များသည် အမေရိကန်ဒေါ်လာ၊  ယူရို၊  ယွမ်နှင့်   ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည် များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို ယူရိုငွေဖြင့် အခြေခံ ဈေးထားရှိပြီး ကျောက်မျက်  အတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် ပြည်ပကုန်သည်များသည် အမေရိကန် ဒေါ်လာ(သို့မဟုတ်)   ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည်   မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ကျောက်စိမ်းအတွဲများအတွက် တန်ဖိုးငွေပေးချေရာတွင် နိုင်ငံခြားငွေဖြင့်သာ ပေးချေရမည့် ကျောက်စိမ်းအတွဲများအတွက်  ပြည်တွင်း၊ ပြည်ပကုန်သည်များသည်  အမေရိကန် ဒေါ်လာ    (သို့မဟုတ်)    ယွမ်ငွေ (သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း၊      နိုင်ငံခြားငွေ(သို့မဟုတ်) မြန်မာကျပ်ငွေဖြင့် ပေးချေရမည့်  ကျောက်စိမ်းအတွဲများအတွက်  ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့် လည်းကောင်း၊ ပြည်ပကုန်သည်များသည်   အမေရိကန်ဒေါ်လာ (သို့မဟုတ်)  ယွမ်ငွေ(သို့မဟုတ်) ထိုင်းဘတ်ငွေတို့ဖြင့် လည်းကောင်း ပေးချေနိုင်ကြောင်း သိရသည်။

 

ထို့ပြင် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း၌ ကျောက်မျက်နှင့် လက်ဝတ်ရတနာ   အရောင်းဆိုင်များကိုလည်း  ဖွင့်လှစ်ထားရှိ ရာ  လာရောက်လေ့လာဝယ်ယူသူ များဖြင့် စည်ကားလျက်ရှိသည်။

 

နိုင်ငံတော်အတွက်  နိုင်ငံခြားဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများ  ရရှိနိုင်စေရန် အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက်ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက် မျက်ရတနာပြပွဲ များကို    ၁၉၆၄ ခုနှစ်မှစတင်၍  အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့်  (၅၈)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို မတ် ၁၇  ရက်မှ  ၂၃  ရက်အထိ  မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်       ဖြစ်ကြောင်း သိရသည်။             

အောင်ရဲသွင်

ဓာတ်ပုံ - ကိုကိုအေး