မော်လမြိုင်    မတ်    ၁၅

(၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကို   ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ငန်းတေးဂေါက်ကွင်း၌ ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ဂေါက်သီးရိုက်အားကစားသမားများ၊ ဖိတ်ကြားထားသည့်   ဂေါက်သီးရိုက်အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။ 

ဦးစွာ   ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် ပြည်နယ်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ကဏ္ဍပေါင်းစုံကနေ ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဂေါက်သီးရိုက်အားကစားသည်  ကမ္ဘာပေါ်တွင်   ထင်ရှားသော အားကစားနည်းတစ်ခုဖြစ်သလို ပျော်ရွှင်မှုများ ရရှိနိုင်စေခြင်း၊ သက်တူရွယ်တူအချင်းချင်း အားပေးဖော်များကောင်းမွန်စေခြင်း၊ အသင်းအဖွဲ့နှင့်နေတတ်ခြင်း၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်အလေ့အထကို ရရှိစေခြင်းစသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ်ဂေါက်သီးရိုက်အားကစားသမားများကို ဂေါက်သီးရိုက် အားကစားနည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ စနစ်တကျလေ့ကျင့်ပျိုးထောင်မွေးထုတ်ပေးကာ ပြည်နယ်၏ ဂေါက်သီးရိုက်အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဘက်ဘက်မှ လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် အနယ်နယ်အရပ်အရပ်မှ အားတက်သရော ပါဝင်ယှဉ်ပြိုင်ကြသည့်   ဂေါက်သီးရိုက်အားကစားများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ကြည့်ရှုအားပေး

ထို့နောက်   ပြည်နယ်ဝန်ကြီးချုပ်၊   ပြည်နယ်ဝန်ကြီးများက   (၅၂)နှစ်မြောက်   မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို smoke ball ရိုက်၍ စတင်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင်ဂေါက်သီးရိုက်အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်နေမှုကို  ကြည့်ရှုအားပေးသည်။

အဆိုပါ (၅၂)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ဖိတ်ကြားထားသည့်ပြိုင်ပွဲအသင်းများမှ   ဂေါက်သီးရိုက်အားကစားသမား ၂၅၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။                

ပြည်နယ်(ပြန်/ဆက်)