(၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်း၊ ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်လှစ်

မော်လမြိုင် မတ် ၁၈

မတ် ၁၉ ရက်တွင် ကျရောက်မည့် (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာ ပြခန်းများ၊  ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများ ဖွင့်ပွဲအခမ်းအနားကို မတ် ၁၈ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မြစ်ကမ်းသာကစားကွင်း၌ ပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက် ရောက်ကြသည်။

ဦးစွာ  မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး (၄၉)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ၊  ဒေသထွက်ကုန်နှင့် ရိုးရာအစားအစာ အရောင်းပြခန်းများကို မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်ဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်၀န်ကြီးချုပ်က အထက(၉)ဘင်ခရာအဖွဲ့အား  ဂုဏ်ပြုဆုငွေ ကျပ်တစ်သိန်းနှင့် တိုင်းရင်းသား အဖွဲ့အား ဂုဏ်ပြုဆုငွေ ကျပ် နှစ်သိန်းကျပ် ချီးမြှင့်ပြီး အမှတ်တရ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ ပြခန်း များကို လှည့်လည်ကြည့်ရှု အားပေးသည်။

အဆိုပါ ပြပွဲတွင် ဌာနဆိုင်ရာပြခန်း ၃၁ ခန်း၊ MSME ထုတ်ကုန်အရောင်း ပြခန်း ၂၈ ခန်း၊ ဒေသထွက်ကုန် အရောင်းပြခန်း ၁၀ ခန်း၊ တိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်း ၁၀ ခန်း၊ ပြည်နယ် စည်းကမ်းထိန်းသိမ်း‌ရေးကော်မတီဆိုင်ခန်း တစ်ခန်း၊ ပြည်နယ်မိခင်နှင့်ကလေး၊ အမျိုးသမီးရေးရာ ဆိုင်ခန်း နှစ်ခန်း စုစုပေါင်း ပြခန်း ၈၁ ခန်းကို ဖွင့်လှစ်ပြသလျက်ရှိပြီး ပြပွဲကို မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ခင်းကျင်းပြသသွားမည်ဖြစ်သည်။

ခင်စန်းမြင့်(ပြန်/ဆက်)