ရန်ကုန် ဇူလိုင် ၂၇
3MA-Myanmar Mixed Martial Arts မှ စီစဉ်ကျင်းပသည့် 3MA-9 MMA ပြိုင်ပွဲကြီးကို ဇူလိုင် ၂၆ ရက်က လှည်းကူးမြို့နယ်ရှိ 3MA Arena မှာ ပြုလုပ်ခဲ့ပြီး တွဲဆိုင်း ကိုးဆိုင်း ပါဝင်ထိုးသတ်ခဲ့ရာ ပထမတွဲဆိုင်းအဖြစ် ၅၈ ကီလိုတန်းမှ အောင်စံဟိန်း(စစ်တွေ)နှင့် ဖရန့်စစ်ဇေဆဲန်း(မြစ်ကြီး နား)တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အောင်စံဟိန်းက ပထမအချီတွင် အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် ၅၈ ကီလိုတန်းမှ နိုင်နိုင်အောင်(ပဲခူး)နှင့် အော်ဂတ်စတင်းဗန်(ကလေး)တို့ပွဲတွင် အော်ဂတ်စတင်းဗန်က ဒုတိယအချီတွင် အကောင်းဆုံးစွမ်းဆောင်ရည်နှင့်အတူ အနိုင်ရရှိခဲ့သည်။ ၆၃ ကီလိုတန်းတွင် ဇော်ဒိန်း(လားရှိုး)နှင့် ပြည့်ဖြိုးဦး(ကျောက်တော်)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ပြည့်ဖြိုးဦးက အလဲထိုးဖြင့်လည်းကောင်း၊ ၅၅ ကီလိုတန်းတွင် တိုးတက်(မြေပုံ)နှင့် မောင်မောင်ဦး (သန်လျင်)တို့ ပွဲတွင် တိုးတက်က လည်ပင်းချုပ်ကွက်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည့် ၅၇ ကီလိုတန်းပွဲစဉ်တွင် ဘုန်းမြင့်မြတ်(လှိုင်သာယာ)က ပြိုင်ဘက်ဖြစ်သူ နေထက်အောင်(မရမ်းကုန်း)ကို ဆရာဝန်၏ ပွဲရပ်နားဆုံးဖြတ်ချက်(Doctor Stoppage)ဖြင့် အနိုင်ရရှိပြီး ၆၀ ကီလိုတန်းတွင် ဝင်းလှိုင်ထွန်း(စစ်တွေ)နှင့် ဝင်းဇော်(တွံတေး) တို့ပွဲတွင် နှစ်ဦးစလုံး အပြန်အလှန်အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြကာ ဝင်းလှိုင်ထွန်းက အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ထို့ပြင် ၆၅ ကီလိုတန်းတွင် ဗညားဦး(ရန်ကုန်)နှင့် ဂျောရူဝါ(လားရှိုး)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဗညားဦးက တစ်မိနစ်အတွင်း ချုပ်ကွက်ဖြင့် အနိုင်ရရှိသည့် 3MA-9 MMA ကစားသမားဖြစ်ခဲ့ပြီး ၆၀ ကီလိုတန်းပွဲစဉ်တွင် စောအယ်ဒိုဝါ(ကျိုက်လတ်)နှင့် ဒေးဗစ်ဂျိမ်း(ဝိုင်းမော်)တို့ပွဲတွင် စောအယ်ဒိုဝါက ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ရရှိခဲ့သည်။
3MA-9 MMA ပြိုင်ပွဲ၏ အဆုံးသတ်ပွဲစဉ်ဖြစ်သည့် ၆၀ ကီလိုတန်းတွင် မင်းမြတ်သူ(တောင်ဒဂုံ)နှင့် ဇော်ဒူလမရှီ(မြစ်ကြီးနား)တို့ ယှဉ်ပြိုင်ထိုးသတ်ရာ ဇော်ဒူလမရှီက ပထမချီ၌ပင် ပြင်းထန်သည့် ထိုးချက်များနှင့်အတူ အနိုင်ရရှိခဲ့သည်။
နေမျိုး၊ ဓာတ်ပုံ-NM


