မကွေး  မတ်  ၁၉

33rd SEA Game နှင့် 13th ASEAN Para Games တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်ခဲ့သည့် မကွေးတိုင်းဒေသကြီး ဂုဏ်ဆောင်အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ  မကွေးတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊   တိုင်းဒေသကြီး  အားကစားအောင်နိုင်ရေး ကော်မတီဝင်များ၊  အားကစားနည်းအလိုက် အဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးကိုယ်စားပြု ကစားသမားများ က ရွှေတံဆိပ် တစ်ခု၊ ငွေတံဆိပ် သုံးခုနှင့် ကြေးတံဆိပ် လေးခု၊ (၁၃)ကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် တစ်ခု ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး နိုင်ငံ့ဂုဏ်နှင့် မကွေးတိုင်းဒေသကြီး၏ ဂုဏ်ကို အားကစားဖြင့် မြှင့်တင်ပေးခဲ့ကြသည့်အတွက် အားလုံး၏ စွမ်းဆောင်မှုများကို မှတ်တမ်းတင်ဂုဏ်ယူကြောင်း၊ SEA  Games ပြိုင်ပွဲသည် အာဆီယံနိုင်ငံများအတွင်း ဂုဏ်သိက္ခာအားကစား ပြိုင်ပွဲတစ်ခုဖြစ်သလို အာဆီယံနိုင်ငံများ၏ အမြင့်ဆုံး အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲ၊ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကိုတိုင်းတာသည့် အားကစားပြိုင်ပွဲကြီး တစ်ခု ဖြစ်သည့်အတွက် ယခုတိုင်းဒေသကြီး ဂုဏ်ဆောင်နည်းပြနှင့်  အားကစားမောင်မယ်များအနေဖြင့်  နောင်လာမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အပါအဝင်နိုင်ငံတကာအားကစား ပြိုင်ပွဲများတွင်လည်း အောင်မြင်မှုများ ဆက်လက်ရရှိအောင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယ၊ အားမာန်၊ စိတ်ဓာတ်တို့ဖြင့် ယခုထက်ပိုမို အားထုတ်ကြိုးပမ်းသွားကြရန် အထူးအလေးအနက်ထားတိုက်တွန်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးဂုဏ်ဆောင် ရွှေတံဆိပ်၊ ငွေတံဆိပ်၊  ကြေးတံဆိပ်ဆုရ  ကစားသမားများနှင့်   အုပ်ချုပ်သူနည်းပြများအတွက် ဂုဏ်ပြု ချီးမြှင့်ငွေ ကျပ်သိန်း  ၈၀  ပေးအပ်ကြသည်။

ယင်းနောက် ကျောင်းသား ကျောင်းသူလေးများက Physical Fitness Dance နှင့် ဝူရှူးအားကစားနည်းများဖြင့်  သရုပ်ပြဖျော်ဖြေတင်ဆက်ကြပြီး ဆုရကစားသမားများကိုယ်စား ကစားသမားတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားဖျော်ဖြေရေးအဖွဲ့ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

အရှေ့တောင်အာရှ 33rd Sea Games နှင့် 13th ASEAN Para Games ပြိုင်ပွဲများတွင် မကွေးတိုင်းဒေသကြီးအနေဖြင့်   ရိုးရာခြင်းကစားနည်းမှ   ရွှေတံဆိပ် တစ်ခု၊  ဘော်လီဘောကစားနည်းမှ  ရွှေတံဆိပ် တစ်ခု၊ ကနူး(လှေလှော်)ကစားနည်းမှ ငွေတံဆိပ် သုံးခု၊ စနူကာကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ ပိုက်ကျော်ခြင်းကစားနည်းမှ ကြေးတံဆိပ် တစ်ခု၊ အပြည်ပြည်ဆိုင်ရာလှေလှော်ကစားနည်းမှ ငွေတံဆိပ် တစ်ခုနှင့် ကြေးတစ်ခု၊ ပြေးခုန်ပစ် ကစားနည်းမှ ရွှေ ခြောက်ခု၊ ငွေ သုံးခုနှင့်  ကြေး နှစ်ခု၊ စစ်တုရင်ပြိုင်ပွဲတွင် ကြေး တစ်ခု၊ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကြေး တစ်ခု  စုစုပေါင်း ရွှေတံဆိပ် ရှစ်ခု၊ ငွေတံဆိပ် ခုနစ်ခု၊ ကြေးတံဆိပ် ခုနစ်ခုရရှိခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း (ပြန်/ဆက်)