(၃၃)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှု အခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၆

 

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအား အပြည်ပြည်ဆိုင်ရာစာချုပ် အဖြစ် ပြဋ္ဌာန်းခဲ့သည့်ရက်ကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့(ကမ္ဘာ့ကလေးများနေ့) အဖြစ်သတ်မှတ်ကာ အခမ်းအနားများ ကျင်းပဆောင်ရွက် လျက်ရှိရာ (၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ တော်ဝင်ရတနာမူလတန်းကြိုကျောင်း၌ ကျင်းပသည်။

 

အဆိုပါ အခမ်းအနားကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေ ဝန်ကြီးဌာန၊ နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူး၍ ကျင်းပခြင်းဖြစ်ပြီး အခမ်းအနားတွင် နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမှာစကား ပြောကြားခဲ့သည်။

 

ထို့နောက် နေပြည်တော်အတွင်းရှိ မူလတန်းကြိုကျောင်း ရှစ်ကျောင်းနှင့် ကလေးပြုစုရေးဌာနတို့မှ  ကလေးငယ်များက အကပဒေသာဖြင့် ဖျော်ဖြေတင်ဆက်ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး  ကလေးငယ်များကို အမှတ်တရ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)