(၃၃) ကြိမ်မြောက် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပ

နေပြည်တော် ဇူလိုင် ၂၅

အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည်။ 

အစည်းအဝေးတွင် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အထွေထွေအာမခံ ကုမ္ပဏီများအနေဖြင့် ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် မီးအာမခံနှင့် မော်တော်ကားအာမခံများအတွက် အာမခံလျော်ကြေးပေးချေမှုများ ဆောင်ရွက်ခဲ့ကြကြောင်း၊ တောင်သူလယ်သမားများအတွက် လိုအပ်သည့် သီးနှံ အာမခံထားရှိနိုင်ရေးအတွက် မြန်မာ့အာမခံလုပ်ငန်းက ဆောင်းစပါးသီးနှံအမီ ပေါ်လစီ ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း၊  သီးနှံများကြိတ်ခွဲပြီး သယ်ယူသည့်အခါတွင် လည်းကောင်း၊ သိုလှောင်သည့်အခါတွင် လည်းကောင်း  လိုအပ်သည့် အာမခံအကာအကွယ်များဖြစ်သည့် မီးအာမခံ၊ သယ်ယူ ပို့ဆောင်ရေးနှင့်သက်ဆိုင်သည့် အာမခံအကာအကွယ်များကို အာမခံကုမ္ပဏီများမှ ရောင်းချပေးလျက်ရှိကြောင်း ပြောကြားသည်။

ယင်းနောက် အာမခံအတွင်းရေးမှူးက  ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် ယခုအစည်းအဝေးတွင် ဆုံးဖြတ်ရမည့် ကိစ္စရပ်များကို တင်ပြရာ တက်ရောက်လာကြသည့်အဖွဲ့ဝင်များက ဆွေးနွေးအတည်ပြုကြသည်။

မြန်မာနိုင်ငံ၏ အာမခံဈေးကွက်တွင် ရာနှုန်းပြည့်နိုင်ငံခြားသားပိုင် အသက်အာမခံကုမ္ပဏီ ငါးခု၊ ဖက်စပ်အသက်အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အသက်အာမခံကုမ္ပဏီ ကိုးခု၊ ဖက်စပ် အထွေထွေ အာမခံကုမ္ပဏီ သုံးခု၊ နိုင်ငံသားပိုင်အထွေထွေအာမခံကုမ္ပဏီ ခြောက်ခုနှင့် မြန်မာ့အာမခံလုပ်ငန်းအပါအဝင် အာမခံကုမ္ပဏီ ၂၇ ခုမှ အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး ပုဂ္ဂလိကအာမခံကုမ္ပဏီများမှ အာမခံအမျိုးအစား ၄၂ မျိုးကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်းနှင့် အာမခံ လုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံကုမ္ပဏီများက အဆိုပြုတင်ပြလာကြသော အသက်အာမခံနှင့် အထွေထွေအာမခံ အမျိုးအစားသစ်များကို ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်