(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နိုင်ငံအလိုက်ဆုရရှိမှုတွင် ဗီယက်နမ် နိုင်ငံက ပထမနေရာရရှိ


နေပြည်တော် မေ ၁၇

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားကို မေ ၁၇ ရက်က ဖနွမ်းပင်မြို့ရှိ မိုရိုဒေါ့တီချိုကွင်း၌ ကျင်းပသည်။

 

 ပိတ်ပွဲအခမ်းအနားတွင် ပြိုင်ပွဲဝင်နိုင်ငံများ ကွင်းအတွင်းဝင်ရောက်နေရာယူကြပြီး ပြိုင်ပွဲတွင် ကူညီ ဆောင်ရွက်ခဲ့သည့် စေတနာ့ဝန်ထမ်းများလည်း တက်ရော်ကခဲ့သည်။ ပိတ်ပွဲအခမ်းအနားကို ဖျော်ဖြေရေး အစီအစဉ်များဖြင့် ပြုလုပ်ခဲ့ပြီး ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ထိုင်းနိုင်ငံကို ပြိုင်ပွဲကျင်းပရေးအလံ လွှဲပြောင်းပေးအပ်သည်။

 

၃၂ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ဧပြီ ၂၉ ရက်မှ မေ ၁၇ ရက်အထိကျင်းပခဲ့ပြီး အရှေ့တောင်အာရှ ၁၁ နိုင်ငံစလုံးမှ အားကစားသမား ၆၀ဝ၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပြိုင်ပွဲတွင် အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပခဲ့ပြီး ရွှေတံဆိပ်စုစုပေါင်း ၅၈၆ ခုချီးမြင့်ခဲ့သည်။ ပြိုင်ပွဲအပြီး တွင် ဗီယက်နမ်နိုင်ငံက ရွှေ ၁၃၆ ခု၊ ငွေ ၁၀၅ ခု၊ ကြေး ၁၁၄ ခုဖြင့် နိုင်ငံအလိုက်ဆုရရှိမှုတွင် ပထမ နေရာရရှိခဲ့ပြီး ဗီယက်နမ်အသင်းနောက်တွင် ထိုင်းနိုင်ငံက ရွှေ ၁၀၈ ခု၊ ငွေ ၉၆ ခု၊ ကြေး ၁၀၈ ခုဖြင့် ဒုတိယ၊ အင်ဒိုနီးရှားနိုင်ငံက ရွှေ ၈၇ ခု၊ ငွေ ၈၀ ခု၊ ကြေး ၁၀၉ ခုဖြင့် တတိယ၊ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံက ရွှေ ၈၁ ခု၊ ငွေ ၇၄ ခု၊ ကြေး ၁၂၇ ခုဖြင့် အဆင့် ၄၊ ဖိလစ်ပိုင်နိုင်ငံက ရွှေ ၅၈ ခု၊ ငွေ ၈၆ ခု၊ ကြေး ၁၁၆ ခုဖြင့် အဆင့် ၅၊ စင်ကာပူနိုင်ငံက ရွှေ ၅၁ ခု၊ ငွေ ၄၂ ခု၊ ကြေး ၆၄ ခုဖြင့် အဆင့် ၆၊ မလေးရှားနိုင်ငံက ရွှေ ၃၄ ခု၊ ငွေ ၄၅ ခု၊ ကြေး ၉၇ ခုဖြင့် အဆင့် ၇၊  မြန်မာနိုင်ငံက ရွှေ ၂၁ ခု၊ ငွေ ၂၅ ခု၊ ကြေး ၆၈ ခုဖြင့် အဆင့် ၈၊  လာအိုနိုင်ငံက ရွှေ ခြောက်ခု၊ ငွေ ၂၂ ခု၊ ကြေး ၆၀ ခုဖြင့် အဆင့် ၉၊  ဘရူနိုင်းနိုင်ငံက ရွှေနှစ်ခု၊ ငွေတစ်ခု၊ ကြေးခြောက်ခုဖြင့် အဆင့် ၁၀၊  တီမောနိုင်ငံက ကြေးရှစ်ခုဖြင့် အဆင့် ၁၁ နေရာ ဆွတ်ခူးရရှိခဲ့သည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-seagames 2023