(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမလက်ရွေးစင်ခြင်းလုံးအားကစားများ အပြီးသတ်လူရွေးချယ် 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆
    
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်တို့ ပူးပေါင်း၍ မေ(၅)ရက်မှ (၁၇)ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်တွင် စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် ပဏာမ လက်ရွေးစင် ခြင်းလုံးအားကစားသမားများကို ပြိုင်ပွဲအသွင် ဆန်းစစ်အပြီးသတ် လူရွေးချယ် ခြင်းကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ကျင်းပသည်။

အပြီးသတ် လူရွေးချယ်ပွဲသို့ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ယှဉ်ပြိုင်ရေးနှင့်လေ့ကျင့်ရေး ဌာနခွဲ(၂) ညွှန်ကြားရေးမှူး၊ အာရှခြင်းလုံး အဖွဲ့ချုပ်အတွင်းရေးမှူး ဦးကျော်ဇင်မိုး၊ မြန်မာနိုင်ငံ  ခြင်းလုံးအဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲအောင် နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတွင် (Joint Training) ပူးတွဲလာ ရောက်လေ့ကျင့်လျက်ရှိသည့် ကမ္ဘောဒီးယားနိုင်ငံ ခြင်းလုံးအားကစားအဖွဲ့မှ အုပ်ချုပ်/နည်းပြ နှင့် အားကစားသမားများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ လာရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲအမျိုး အစား(Event) No-4 နှင့် No-3 ပြိုင်ပွဲတို့တွင် အားကစားသမား အမျိုးသား(၁၄)ဦး၊ အမျိုးသမီး (၁၄)ဦး စုစုပေါင်း(၂၈)ဦး ဝင်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံခဲ့ကြသည်။
    
အဆိုပါအပြီးသတ်လူရွေးချယ်ခြင်းပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်(၈)နာရီခွဲမှစ၍  နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစာကွင်း Training Hall No(1) ၌ ပြိုင်ပွဲအမျိုးအစား(Event) No-4 နှင့် No-2 ပြိုင်ပွဲတို့ကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)