(၃၂)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင်  ခြင်းလုံးနှင့် ဗိုဗီနမ်အားကစားနည်းများမှ ရွှေတံဆိပ်ဆု တစ်ခုစီ ထပ်မံဆွတ်ခူးရရှိ

 

ကမ္ဘောဒီးယား၊ မေ ၈

 

ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၂) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် ခြင်းလုံး (အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲ ပွဲစဉ်များကို မေ ၇ ရက်တွင် ဖနောင်ပင်မြို့ရှိ Basketball Hall NSTC ၌ကျင်းပခဲ့ပြီး မြန်မာအသင်းက ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

 

ယှဉ်ပြိုင်ကစားခဲ့ကြ

 

အမျိုးသမီး Same Stroke Chinlone Event-2 ပြိုင်ပွဲ ပွဲစဉ်တွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအို နိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ရမှတ် ၂၂၁ မှတ်ဖြင့် ပထမ (ရွှေတံဆိပ်ဆု)၊ ကမ္ဘောဒီးယားနိုင်ငံမှ ဒုတိယ (ငွေတံဆိပ်ဆု)၊ လာအိုနိုင်ငံမှ တတိယ (ကြေးတံဆိပ်ဆု) ကိုလည်းကောင်း၊ အမျိုးသား/ အမျိုးသမီး Event -2 (Mixed Team) ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှရမှတ် ၁၉၈ မှတ်ဖြင့် ဒုတိယ (ငွေတံဆိပ်ဆု) ကိုလည်းကောင်း၊ အမျိုးသား Same Stroke Chinlone Event - 2 ပြိုင်ပွဲ ပွဲစဉ်တွင် ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်းနှင့် မလေးရှားနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ရမှတ် ၁၇၄ မှတ်ဖြင့် တတိယ(ကြေးတံဆိပ်ဆု)ကိုလည်းကောင်း ရရှိခဲ့သည်။

 

ခြင်းလုံး အားကစားပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် မြန်မာအားကစားအဖွဲ့ခေါင်းဆောင် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့အတူ ဗိုဗီနမ် (အမျိုးသား/အမျိုးသမီး) အားကစားပြိုင်ပွဲ ပွဲစဉ်များကို Chroy Changvar Convention Centre, Hall (F) ၌ ကျင်းပရာ ဗိုဗီနမ် အမျိုးသား နှစ်ယောက်တွဲ အပြပြိုင်ပွဲတွင်    ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုနိုင်ငံတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး မြန်မာနိုင်ငံမှ ပထမ(ရွှေတံဆိပ်ဆု)၊ ဗီယက်နမ်နိုင်ငံမှ ဒုတိယ (ငွေတံဆိပ်ဆု)၊ လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ တို့မှ ပူးတွဲတတိယ(ကြေးတံဆိပ်ဆု)ကို ရရှိကြသည်။

 

ဆက်လက်၍ ဗိုဗီနမ်အားကစားနည်း (အမျိုးသမီး) လက်သိုင်းအပြပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီး ၆၀ ကီလို ပြိုင်ပွဲတွင်တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသား ၆၀ ကီလိုပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသမီးဓားတစ်လက်အပြပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ်ဆု)၊ ဓားအတိုက် အမျိုးသားနှစ်ယောက် တွဲအပြပြိုင်ပွဲတွင်  တတိယ (ကြေးတံဆိပ်ဆု)၊ အမျိုးသား သုံးယောက်/ အမျိုးသမီး သုံးယောက် အသင်းလိုက် အပြပြိုင်ပွဲတွင် တတိယ (ကြေးတံဆိပ် ဆု)၊ အမျိုးသမီးလေးယောက်တွဲ ဓားတစ်လက်အပြ ပြိုင်ပွဲတွင် တတိယ(ကြေးတံဆိပ်ဆု)များ ရရှိခဲ့ကြ သည်။

 

ထို့နောက် အပစ် - Women Single Shooting ပြိုင်ပွဲ၌ ပထမ(ရွှေတံဆိပ်ဆု) ရရှိသူနှင့် ဒုတိယ (ငွေတံဆိပ်ဆု)၊ တတိယ(ကြေးတံဆိပ်ဆု)ရရှိကြသူများကို မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး OLYMPIC STADIUM, PRINCE STADIUM ၌ ကျင်းပလျက်ရှိသည့် ဘောလုံး(အမျိုးသား) ပြိုင်ပွဲကို သွားရောက် ကြည့်ရှုအားပေးခဲ့ကာ မြန်မာအသင်းက အိမ်ရှင်ကမ္ဘောဒီးယားအသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။     

 

သတင်းစဉ်