(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ကြေး(၁)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ငွေ(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေး(၂)ခု၊ ကနူး/ကယက်လှေလှော် အားကစားနည်းမှ ကြေး(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမ

(၃၁)ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဗိုဗီနမ်အားကစားနည်းမှ ရွှေ(၁)ခု၊ ငွေ(၂)ခု၊ကြေး(၁)ခု၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ ငွေ(၁)ခု၊ လက်ဝှေ့အားကစားနည်းမှ ကြေး(၂)ခု၊ ကနူး/ကယက်လှေလှော် အားကစားနည်းမှ ကြေး(၁)ခု၊ ဂျူဒိုအားကစားနည်းမှ ကြေး(၁)ခု၊ အလေးမအားကစားနည်းမှ ကြေး(၁)ခု ထပ်မံဆွတ်ခူးရရှိ

 

ဗီယက်နမ်၊ မေ ၂၀

 

ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/ အားကစားရုံများ၌ ကျင်းပသည်။

 

ယနေ့ညနေပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Soc Son အားကစားရုံ၌ ဗိုဗီနမ် အားကစားနည်းမှ Male Multiple Weapon practice: againts 03 other with weapon (လေးယောက်တွဲ) အပြပွဲစဉ်၌ မောင်မနားကွီး၊ မောင်အိုက်စိုးလင်း၊ မောင်ဇင်လင်းထွန်းနှင့် မောင်ဇော်ဇော်တို့က မြန်မာနိုင်ငံအတွက် (၈)ခုမြောက် ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ပြီး၊ Female Single Hand partice: Dragon Tiger form (တစ်ကိုယ်တော် လက်သိုင်း)အပြပွဲစဉ်၌ မခိုင်ဝါဖူးက ငွေတံဆိပ်ဆုကိုလည်းကောင်း၊ Female Single Weapon partice: Ying Yang sword  form (တစ်ကိုယ်တော်ဓားရှည်)အပြပွဲစဉ်၌ မမေဟန်နီနွေအောင်က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ (-65) ကီလိုတန်း(အတိုက်)ပြိုင်ပွဲတွင် မဝေသူလွင်မှ ကြေးတံဆိပ် ဆုကို လည်းကောင်း၊ ဘိလိယက်နှင့်စနူကာအားကစားနည်းမှ English Billiards Double ပြိုင်ပွဲ တွင် မောင်ပေါက်စနှင့် မောင်မင်းစည်သူထွန်းတို့က ငွေတံဆိပ်ဆုကိုလည်းကောင်း၊ ကနူး လှေလှော် မီတာ (၅၀၀) (C4 W) ပြိုင်ပွဲတွင် မောင်ဝင်းထိုက်၊ မောင်မင်းနိုင်၊ မောင်မျိုးလှိုင်ဝင်း၊ မောင်သန့်ဇင်ဦးတို့က ကြေးတံဆိပ်ဆုကို လည်းကောင်း၊ လက်ဝှေ့အားကစားနည်းမှ (-52) ကီလိုတန်းတွင် မောင်လင်းထွဋ်ပိုင်နှင့် (-48) ကီလိုတန်းတွင် မောင်အေးငြိမ်းထူးတို့က ကြေးတံဆိပ်(1)ခုစီ ကိုလည်းကောင်း၊ ဂျူဒိုအားကစား နည်းမှ (-52) ကီလိုတန်းတွင် မအေးမာလာ က ကြေးတံဆိပ်(၁)ခုကိုလည်းကောင်း၊ အလေးမအားကစားနည်းမှ (59) ကီလိုတန်းတွင် နော်တဘိုးရာ က ကြေးတံဆိပ်ဆုကို လည်းကောင်း ဆွတ်ခူးရရှိကြသည်။

 

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအားကစားအဖွဲ့မှ Grand Vista Hanoi Hotel ၌ နေထိုင်သည့် ဂျူဒိုအားကစားသမားများနှင့် Grand Phonelx Hotel ၌ နေထိုင်သည့် လက်ဝှေ့အားကစားသမားများကို  ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဒုတိယဝန်ကြီး ဦးမျိုးလှိုင်တို့က သွားရောက်တွေ့ဆုံနှုတ်ဆက်၍ အားကစား သမားများကို ပြိုင်ပွဲပြီး ဆုံးသည့်နောက်ဆုံးအချိန်အထိ မြန်မာတို့၏မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ စိတ်ဓာတ် တို့ဖြင့် ကြိုးစားအားထုတ်မှုကို ပြသ၍ယှဉ်ပြိုင်သွားကြရန်၊ အားကစားဖြင့် နိုင်ငံတော်၏ဂုဏ်ကို မြှင့်တင်ကြရန်နှင့် အောင်မြင်မှုရရှိသည်နှင့်အမျှ နိုင်ငံတော်နှင့် ပြည်သူ တစ်ရပ်လုံးက စောင့်မျှော် အားပေးဂုဏ်ပြုကြမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ပြီး ဆုတံဆိပ်များရရှိခဲ့ကြသည့် အားကစားသမားများကို နိုင်ငံတော်မှ ထပ်‌ဆောင်းချီးမြှင့်ငွေ  အမေရိကန်ဒေါ်လာ ရွှေတံဆိပ်ဆု (၃)ထောင်၊ ငွေတံဆိပ်ဆု (၂)ထောင်၊ ကြေးတံဆိပ်ဆု (၁)ထောင်ကို ပေးအပ်ချီးမြှင့်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ဟနွိုင်းမြို့ရှိ Soc Son Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဗိုဗီနမ်အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဟနွိုင်းမြို့ရှိ Ha Dong Gymnasium အားကစားရုံ၌ ကျင်းပလျက်ရှိသည့် ဘိလိယက်နှင့်စနူကာ အားကစားပြိုင်ပွဲမှ မြန်မာအားကစားသမားများ၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း သွားရောက်ကြည့်ရှု အားပေးသည်။

 

ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် စစ်တုရင်၊ ပိုက်ကျော်ခြင်း၊ သေနတ်ပစ်၊ ဘိလိယက်၊ E-Sports၊ ဘော်လီဘော၊ ကနူးလှေလှော်၊ ဂျူဒို၊ ဗိုဗီနမ်၊ အလေးမ၊ လက်ဝှေ့ အားကစားနည်းများတွင် မြန်မာ အားကစားအဖွဲ့များမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး (2၁.5.2022) ရက်နေ့ ပြိုင်ပွဲ ပွဲစဉ်များအဖြစ် သေနတ်ပစ်၊ စစ်တုရင်၊ ဘိလိယက်၊ ကနူး၊ ပိုက်ကျော်ခြင်း၊ Esports၊ အမျိုးသမီး(ဘောလုံး)၊ ဂျူဒို၊ အလေးမ၊ ဗိုဗီနမ်၊ လက်ဝှေ့ အားကစားပြိုင်ပွဲများကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင် ကစားသွား မည် ဖြစ်သည်။

 

(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၈)ခု၊ ငွေတံဆိပ်(၁၅)ခု နှင့် ကြေးတံဆိပ် (၂၆)ခုတို့ကို ဆွတ်ခူးရရှိထားပြီး စုစုပေါင်း ဆုတံဆိပ် (၄၉)ခုဖြင့် နိုင်ငံအလိုက်အဆင့်ရပ်တည်မှု အဆင့်(၇) တွင် ရပ်တည်လျက်ရှိကြောင်းသိရသည်။

(သတင်းစဉ်)