(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကူရတ်(Kurash)အားကစားနည်း ရွှေတံဆိပ်ဆု ဆွတ်ခူးရန် မျှော်မှန်း

ရန်ကုန်   ဇန်နဝါရီ   ၁၉

ဗီယက်နမ်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား (ဆီးဂိမ်း)ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကူရတ်(Kurash)အားကစားနည်းတွင် ကစားသမား အများအပြားဖြင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွှေတံဆိပ်ဆုဆွတ်ခူးရန် မျှော်မှန်းထားကြောင်း သိရသည်။

“ကူရတ်က ဂျူဒိုနဲ့ ဘာကွာမလဲဆိုတော့ ကူရတ်က လုံးဝအောက်ပိုင်းမပါဘူး၊ အပေါ်မှာပဲ အောက်ကျရင် ကျောနဲ့ကျရင် အမှတ်ရမယ်။ အဲဒါပဲ ကွာတာ ဖြစ်တဲ့အတွက် ကူရတ်ကိုပါ နိုင်ငံတော်အတွက် ဆုတံဆိပ် မျှော်မှန်းလို့ရမှာ ဖြစ်တဲ့အတွက် အားကစားသမားတွေအတွက် အခွင့်အရေးတစ်ခု ဖြစ်လာမယ်။ အဲဒါကြောင့် ဒီနှစ်ဆီးဂိမ်းကို ကူရတ်ပါ ဝင်ပြိုင်မယ်။ ဒီနှစ်မှာ ဘာထူးခြားမှုရှိလဲဆိုတော့ ကူရတ်ကို လူ အင်အားအများဆုံးနဲ့ ပထမဆုံးအကြိမ် ပြိုင်တာပေါ့။ ပြီးခဲ့တဲ့ ဖိလစ်ပိုင်ဆီးဂိမ်းမှာတော့ ပထမဆုံး အကြိမ် ကူရတ်ပြိုင်တယ်။ အဲဒီတုန်းကတော့ နပန်းအဖွဲ့ချုပ်အနေနဲ့ပဲ ဂျူဒိုသမားကို ခေါ်ပြီး ပြိုင်တာ ပေါ့။ အလွတ်တန်းမှာ တတိယရခဲ့တယ်။ ဒီနှစ်မှာတော့ ယောက်ျားလေး နှစ်တန်း၊ မိန်းကလေး လေးတန်း ပြိုင်ဖို့ လျာထားတယ်။ ကူရတ်အားကစားနည်းမှာ မိန်းကလေးတွေကိုတော့ ရွှေရဖို့ မျှော်လင့်ထားတယ်” ဟု မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမောင်မောင်ထွေးဦးက ပြောသည်။

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ကျင်းပသွားမည့် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံ ဂျူဒိုအဖွဲ့ချုပ်မှ ကူရတ် (Kurash) အားကစားပြိုင်ပွဲတွင် အမျိုးသားဝိတ်တန်း ငါးတန်း၊ အမျိုးသမီး ဝိတ်တန်း ငါးတန်း၊ ဂျူဒိုပြိုင်ပွဲတွင် အမျိုးသားတစ်ဦးချင်း ဝိတ်တန်း ငါးတန်း၊ အမျိုးသမီး တစ်ဦးချင်း ဝိတ်တန်း ငါးတန်း၊ Mix Team ပြိုင်ပွဲတွင် အမျိုးသား သုံးဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ခြောက်ဦး ဝင်ရောက်ယှဉ်ပြိုင် မည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖိလစ်ပိုင်ဆီးဂိမ်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ခတ္တ (Kata) အားကစားနည်းမှာမူ ယခုနှစ် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ကြောင်း သိရသည်။

လက်ရှိတွင် ဆီးဂိမ်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာ့လက်ရွေးစင် ဂျူဒိုအားကစားသမား များ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A) တွင် လေ့ကျင့်ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

အာကာစိုး