(၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် ကာယဗလ အားကစားသမားများ လက်ရည်စစ် ပြိုင်ပွဲများ ကျင်းပမည်

ရန်ကုန် ဒီဇင်ဘာ ၁၉

 

၂၀၂၂ ခုနှစ် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက်‌ အောင်မြင်မှုရရှိရန် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ စခန်းသွင်းထားသည့် အားကစားသမားများ လက်ရည်စစ် ပြိုင်ပွဲများကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်တော်တို့ ဆီးဂိမ်းပြိုင်ပွဲအတွက် စခန်းသွင်းထားတဲ့ ကစားသမား ၁၁ ဦးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလထဲမှာ လက်ရည်စစ် ပြိုင်ပွဲသ‌ဘောမျိုး ပြုလုပ်မယ်။ ပထမ၊ ဒုတိယ၊ တတိယရတဲ့ ကစားသမားများကို တိုးတက်ဆုံးဆု ချီးမြှင့်မယ်။ ဒါမှ သူတို့အားတက်မယ်။ ဆီးဂိမ်းပြိုင်ပွဲပြီးလို့ရှိရင် အာရှ၊ ကမ္ဘာ့ပြိုင်ပွဲ၊ တံခွန်စိုက်ပြိုင်ပွဲတွေရှိတယ်။ ၀င်‌ရောက်ပြိုင်ယှဉ် ဖြစ်မဖြစ် မသိသေးပါဘူး။ ဆီးဂိမ်းပေါ်မူတည်ပြီး ရွှေ၊ ငွေ ရတဲ့သူကို စဉ်းစားမယ်။ ကစားသမားတွေကတော့ အာရှ၊ ကမ္ဘာ့ပြိုင်ပွဲတွေ အတွေ့အကြုံရှိတဲ့သူတွေ များပါတယ်။ ဒါ‌ကြောင့် ပြိုင်ပွဲမှာ‌ ရွှေသုံးခု‌တော့ မျှော်မှန်းထားတယ်။ အဓိက ယှဉ်ပြိုင်ရမှာ ထိုင်းနဲ့ ဗီယက်နမ်ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ၁၁ နိုင်ငံလုံး ယှဉ်ပြိုင်ကြမယ်လို့ သိရတယ်။ ဒါကြောင့် ရွှေရမယ့်အတန်းများကို ပြိုင်ပွဲပြီးမှ အရွှေ့အပြောင်းလုပ်မယ်။ အားကာနဲ့ အဖွဲ့ချုပ်က ပံ့ပိုးမှု‌တွေကြောင့် ကစားသမားများ ကြိုးစားကြပါတယ်” ဟု တွဲဘက်အတွင်းရေးမှူး ဦးကျော်စိန်သန်းက ပြောသည်။

 

(၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာအားကစားသမားများသည် ၅၅၊ ၆၀၊ ၆၅၊ ၇၀၊ ၇၅၊ ၈၀၊ ၈၅ ကီလိုတန်း၊ အမျိုးသား Athletic Physique ၊ အမျိုးသမီးကာယဗလ၊ အမျိုးသား+အမျိုးသမီး နှစ်‌ယောက်တွဲပြိုင်ပွဲများ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(၂၉) ကြိမ်‌မြောက်နှင့် (၃၀) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ကာယဗလပြိုင်ပွဲ ထည့်သွင်း မကျင်းပခဲ့သဖြင့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဗီယက်နမ်နိုင်ငံက ထည့်သွင်းကျင်းပခဲ့ခြင်း ဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ အာကာစိုး