ရန်ကုန်         ဖေဖော်ဝါရီ       ၂၄

မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ MANDALAY BUSINESS CAPITAL CITY DEVELOPMENT LTD နှင့် Bago Yoma Eco Resort တို့က အဓိကကူညီပံ့ပိုးသော  ၂၀၂၆  မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌဖလား  ဂေါက်သီးရိုက်ပြိုင်ပွဲ၏ ဒုတိယပွဲစဉ်ဖြစ်သော (မန္တလေးပွဲစဉ်) ဖွင့်ပွဲနှင့် ပထမနေ့ကို ဖေဖော်ဝါရီ ၂၄ ရက်က  မန္တလေးမြို့ရှိ ရေတံခွန်တောင်ဂေါက်ကွင်း၌ ပြုလုပ်ရာ မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်၊ MANDALAY BUSINESS CAPITAL CITY DEVELOPMENT LTD၊ Phyo Si Thu Teak Plantation (Myanmar) & Bago Yoma Eco Resort နှင့်  ရေတံခွန်တောင်ဂေါက်ကွင်းတို့မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဖွင့်ပွဲတွင်  မြန်မာနိုင်ငံဂေါက်သီးအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးကိုကိုအေး၊ ဒုတိယဥက္ကဋ္ဌနှင့် အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးတင်ကိုကို၊ မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မောင်မောင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် ဦးစိုး၊ အထက်မြန်မာပြည် ဂေါက်သီးအားကစားအဖွဲ့ချုပ်ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးလှစိုးဦးနှင့် ရေတံခွန်တောင်ဂေါက်ကွင်း အထွေထွေမန်နေဂျာ ဦးသန့်ဇင်ဦးတို့က အလှည့်ကျ ဂေါက်သီးရိုက်၍ဖွင့်လှစ်ပေးပြီး ပထမနေ့ ၁၈ ကျင်း စတင်ယှဉ်ပြိုင်သည်။

ပြိုင်ပွဲသို့ ပရော်ဖက်ရှင်နယ်အဆင့် ကစားသမား ၂၃ ဦး၊ စီနီယာ ပရော်ဖက်ရှင် နယ်အဆင့် ၂၃ ဦး၊ ဝါသနာရှင်အဆင့် အမျိုးသား ၁၄၀၊ ဝါသနာရှင်အဆင့် အမျိုး သမီး ၄၆ ဦး စုစုပေါင်း ကစားသမား ၂၃၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။

ပြိုင်ပွဲကို မန္တလေးမြိုရှိ ရေတံခွန်တောင်ဂေါက်ကွင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၇ ရက်အထိ လေးရက်ကြာ ပြုလုပ်သွားမည်ဖြစ်ပြီး ယခုပြိုင်ပွဲကို Alpine သောက်ရေသန့်နှင့် Burmese Golf (BG) တို့ကလည်း ထပ်မံပံ့ပိုးကူညီကြောင်း သိရသည်။                       

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MGF